Statement delivered by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: General Discussion on Advancement of Women




Statement delivered by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: General Discussion on Advancement of Women , held on 6 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်
အမျိုးသမီးများကဏ္ဍ မြှင့်တင်မှု ခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခြေအနေမှာ ပုံစံ ၂ မျိုးဖြင့် သိသိသာသာ ကွဲပြားခြားနား၊ တစ်ဖက်တွင် ၎င်းတို့အနေဖြင့် စစ်အုပ်စု၏ ဆိုးရွားသော အကြမ်းဖက်မှုကို အံတုနေရပြီး
အခြားတစ်ဖက်တွင်လည်း ထူးခြားပြောင်မြောက်စွာ ဦးဆောင်ဦးရွက်ပြုလျက်ရှိ၊
၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ စစ်အုပ်စုအနေဖြင့် ပဋိပက္ခအတွင်း ဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးချလျက်ရှိပြီး အမျိုးသမီး နိုင်ငံရေးသမားများကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မ တပ်သားစုဆောင်းခြင်းနှင့် လူကုန်ကူးခြင်းတို့အထိ ကျူးလွန်လျက်ရှိ၊
သို့သော် မြန်မာအမျိုးသမီးများသည် မိမိတို့၏ တော်လှန်ရေးနှင့် ကြားကာလ စီမံအုပ်ချုပ်ရေးတို့၏ အခရာကျသော ပဲ့ကိုင်ရှင်များဖြစ်၊
စစ်အုပ်စုအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများအား မည်သို့ပင် ကျူးလွန်နေစေကာမူ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခတွင် ငြိမ်ခံနေရသည့် သားကောင်များ သက်သက်သာ မဟုတ်ပဲ၊ ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ထိရောက်စွာ ခုခံကာကွယ်နိုင်ပြီး မိမိတို့၏ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်ကိုလည်း တစ်ဖက်တစ်လမ်းမှ
တည်ဆောက်ပေးနိုင်သူများဖြစ်၊
မြန်မာနိုင်ငံတွင် အမျိုးသမီးများအား အကြမ်းဖက်နေသည့် တရားမဝင် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် တရားဝင်မှုအား တောင်းခံ၍ မရနိုင်သကဲ့သို့ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးကိုလည်း
ဖော်ဆောင်ပေးနိုင်စွမ်း ရှိမည်မဟုတ်၊
မြန်မာနိုင်ငံတွင် ပြည်သူများ၏ တစ်ခုတည်းသောဆန္ဒဖြစ်သည့် အကြမ်းဖက် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးတို့အား လုပ်ဆောင်နိုင်မှသာလျှင် စစ်မှန်သော အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး အထမြောက် အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) ၌ အမျိုးသမီးများကဏ္ဍမြှင့်တင်မှု (Advancement of Women) ခေါင်းစဉ်ဖြင့် အထွေထွေ မိန့်ခွန်း ပြောကြားမှုအစီအစဉ်ကို ၆-၁၀-၂၀၂၆ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၁၂း၀၀) နာရီတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၅၀) ခန့် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သော မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ အားလုံး ပါဝင်မှုရှိသော အုပ်ချုပ်မှုနှင့် လူသားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အဓိကကျသော အုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊
(ခ) အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်နေပြီး ပဋိပက္ခများ မြင့်တက်နေချိန်နှင့် ဆိုးရွားသော ဆုတ်ယုတ်မှုများ ဖြစ်ပေါ်နေသည့် အခိုက်အတန့်တွင် မိမိတို့ အနေဖြင့် ပေကျင်းကြေညာချက်၊ CEDAW နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အာဂျင်ဒါတို့၌ ပေးအပ်ထားသော ကတိကဝတ်များကို စကားအရာ သက်သက်မျှ မဖြစ်စေဘဲ အမှန်တကယ် လေးစားလိုက်နာ ဖော်ဆောင်သင့်ကြောင်း၊
(ဂ) အမျိုးသမီးများအား လုပ်ပိုင်ခွင့်မှ ဖယ်ရှားထားခြင်း သို့မဟုတ် စနစ်တကျ အကြမ်းဖက်ခြင်း အားဖြင့် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုများ ရရှိနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ ပြည့်ဝသော၊ တန်းတူညီမျှသော၊ အဓိပ္ပါယ်ရှိသော ခေါင်းဆောင်မှုတို့ မရှိပါဘဲ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုလည်း ရရှိနိုင်မည် မဟုတ်သည့်အချက်တို့ကို မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအရ သိရှိနားလည်ထားပါကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏အခြေအနေမှာ ပုံစံ ၂ မျိုးဖြင့် သိသိသာသာ ကွဲပြားခြားနားလျက်ရှိကြောင်း၊ တစ်ဖက်တွင် ၎င်းတို့အနေဖြင့် စစ်အုပ်စု၏ဆိုးရွားသော အကြမ်းဖက်မှုကို အံတု နေရပြီး အခြားတစ်ဖက်တွင်လည်း ထူးခြားပြောင်မြောက်စွာ ဦးဆောင်ဦးရွက်ပြုလျက်ရှိကြောင်း၊
(င) ၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ စစ်အုပ်စုအနေဖြင့် ပဋိပက္ခ အတွင်းဖြစ်ပွားသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးချလျက်ရှိပြီး အမျိုးသမီး နိုင်ငံရေးသမားများကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မတပ်သား စုဆောင်းခြင်းနှင့် လူကုန်ကူးခြင်းတို့အထိ ကျူးလွန်လျက်ရှိကြောင်း၊
(စ) ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၄ သန်းကျော်အနက် ထက်ဝက်ခန့် အချိုးအစားရှိသော အမျိုးသမီးများအနေဖြင့် မဆင်မခြင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ၊ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် အမြစ်တွယ်နေသော ဖိုဝါဒကြီးစိုးမှု၏ဖိနှိပ်မှုဒဏ်တို့ကို ခါးစည်းခံနေရ ကြောင်း၊
(ဆ) သို့သော်လည်း မြန်မာအမျိုးသမီးများသည် မိမိတို့၏တော်လှန်ရေးနှင့် ကြားကာလစီမံ အုပ်ချုပ်ရေးတို့၏ အခရာကျသော ပဲ့ကိုင်ရှင်များ ဖြစ်ကြကြောင်း၊
(ဇ) အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏အစိုးရအဖွဲ့တွင် အမျိုးသမီးများက ၂၅ ရာခိုင်နှုန်းသော ခေါင်းဆောင်မှုနေရာများတွင် နေရာယူထားကြောင်း၊
(ဈ) ထို့ပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာစေရေး ဦးဆောင်ကောင်စီ၏ မဏ္ဍိုင် (၃) ခု အနက် အမျိုးသမီး ကိုယ်စားပြုမှုက မဏ္ဍိုင်တစ်ခုအဖြစ် ပါဝင်ကြောင်း၊
(ည) ဖက်ဒရယ်ပညာရေးဆိုင်ရာ ထောက်ပံ့မှုကော်မတီအား လည်ပတ်စေသည့် တော်လှန်ပညာရေး ဝန်ထမ်းများတွင် ၇၀ ရာခိုင်နှုန်းက အမျိုးသမီးများ ဖြစ်ကြောင်း၊
(ဋ) ကျန်းမာရေးစောင့်ရှောက်မှုနှင့် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ကူညီမှုများ ပေးအပ်နေသည့် ရှေ့တန်းမှ အရပ်ဘက်လူမှုအဖွဲ့အစည်း ၇၀ ရာခိုင်နှုန်းမှာလည်း အမျိုးသမီးများ ဦးဆောင်သည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊
(ဌ) သို့ဖြစ်ရာ မတရားစစ်အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်နေသည့်အခြေအနေကို ကြည့်ပါက စစ်အုပ်စုအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုများအား မည်သို့ပင် ကျူးလွန်နေစေကာမူ မြန်မာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခတွင် ငြိမ်ခံနေရသည့် သားကောင်များ သက်သက်သာ မဟုတ်သည့်အချက်ကို ပီပြင်စွာ ပြသနိုင်ကြောင်း၊
(ဍ) မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို ထိရောက်စွာ ခုခံကာကွယ်နိုင်ပြီး မိမိတို့၏ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကိုလည်း တစ်ဖက် တစ်လမ်းမှ တည်ဆောက်ပေးနိုင်သူများဖြစ်ကြောင်း၊
(ဎ) ထို့ကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများအားကျူးလွန်သည့် တရားခံများကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူပေးရန်နှင့် အမျိုးသမီးများ ဦးဆောင်သည့် ဒေသခံအဖွဲ့အစည်းများထံသို့ စီမီခန့်ခွဲရလွယ်ကူသော အကူအညီများအား တိုက်ရိုက်ပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုလိုကြောင်း၊
(ဏ) စစ်မှန်သော နိုင်ငံရေးဆန္ဒရှိလျှင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးကဏ္ဍမြှင့်တင်ရေး ရည်မှန်းချက် အောင်မြင်နိုင်ကြောင်း၊
(တ) မြန်မာနိုင်ငံတွင် အမျိုးသမီးများအား အကြမ်းဖက်နေသည့် တရားမဝင် အာဏာသိမ်း စစ်အုပ်စုအနေဖြင့် တရားဝင်မှုအား တောင်းခံ၍ မရနိုင်သကဲ့သို့ အမျိုးသမီးကဏ္ဍ မြှင့်တင်ရေးကိုလည်း ဖော်ဆောင်ပေးနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း၊
(ထ) သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြည်သူများ၏တစ်ခုတည်းသောဆန္ဒဖြစ်သည့် အကြမ်းဖက် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့အား လုပ်ဆောင်နိုင်မှသာလျှင် စစ်မှန်သော အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး အထမြောက် အောင်မြင်နိုင်မည်ဖြစ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement delivered by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: General Discussion on Advancement of Women
(New York, 6 October 2026)
Mr. Chair,
At the outset, my delegation thanks the Secretary-General for his reports.
Myanmar aligns with the statement delivered on behalf of ASEAN and offers these remarks in our national capacity.
Mr. Chair,
The advancement of women remains the essential bedrock of sustainable peace, inclusive governance, and human development.
Our shared commitments under the Beijing Declaration, CEDAW, and the Women, Peace, and Security agenda must not be mere rhetoric, but strictly upheld at a time when women’s rights face growing threats, rising conflict, and severe rollbacks worldwide.
From our experiences, we understand that true global progress cannot be achieved when women are excluded from authority or subjected to systemic violence, nor can lasting peace exist without their full, equal, and meaningful leadership.
In Myanmar today, the condition of women is defined by a stark dichotomy: severe military violence on one hand, and extraordinary female leadership on the other.
Since the illegal 2021 coup, the military junta has weaponized conflict-related sexual violence, arbitrarily detained female politicians, and forced conscription, and human trafficking.
Comprising over half of Myanmar’s 4 million internally displaced persons, women bear the brunt of indiscriminate airstrikes, food insecurity, and deep-rooted patriarchal oppression.
In sharp distinction, Myanmar’s women stand as the primary architects of our national resilience and interim governance.
Women hold up to 25 percent of executive ministerial portfolios in the National Unity Government (NUG) Cabinet.
Women representation is one of the three pillars of the Steering Council for the Emergence of Federal Democratic Union (SCEF).
They constitute over 70 percent of striking educators operating the Support Committee for Federal Education (SCFE).
More than 70 percent of frontline civil society networks delivering healthcare and cross-border aid are women-led.
Crucially, the resistance against this unlawful military coup has demonstrated that regardless of the atrocities committed by the junta, Myanmar’s women and girls are not passive victims of conflict.
They are conscious actors actively defending their fundamental rights and shaping our democratic future.
We, therefore, call upon the international community to hold military perpetrators criminally accountable for sexual violence and atrocity crimes under international law, and to channel direct, flexible aid to local, women-led organizations.
Mr. Chair,
The global advancement of women is achievable when there is true political will.
In Myanmar, an illegal military junta that terrorizes its own women can neither claim legitimacy nor foster their advancement.
The genuine advancement of women in Myanmar is achievable by ending junta impunity and establishing a federal democratic union, the only aspiration of the people of Myanmar.
I thank you.
*****










