Statement by Ambassador Kyaw Moe Tun at the UNGA Plenary Meeting on the Responsibility to Protect (R2P) and the Prevention of Genocide, War Crimes, Ethnic Cleansing, and Crimes against Humanity
- Myanmar Mission To UN

- 14 hours ago
- 6 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations under Agenda Item 131: The Responsibility to Protect and the Prevention of Genocide, War Crimes, Ethnic Cleansing and Crimes against Humanity at the Plenary Meeting of the United Nations General Assembly, held on 6 July 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစီအစဉ်အမှတ် (၁၃၁) ဖြစ်သော အကာအကွယ်ပေးရန် တာဝန်ရှိမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုသန့်စင်ရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ခေါင်းစဉ်အောက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မျက်နှာစုံညီ အစည်းအဝေး ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်သည် သက်ဆိုင်ရာနိုင်ငံတွင် ရှိ၊ သို့သော် နိုင်ငံတစ်နိုင်ငံ သည် အဆိုပါတာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်သည့်အခါ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မျက်ကွယ်ပြုနေ၍ မရဘဲ အားနည်းချိနဲ့သော ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ တာဝန်ယူ ဆောင်ရွက်သင့်၊
မြန်မာပြည်သူများသည် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းထံ ရှင်းလင်း ကျယ်လောင်စွာဖြင့် တောင်းဆိုနေဆဲဖြစ်၊
စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအဆင့်အထိ ရောက်ရှိလာသည့် စစ်အုပ်စု၏ ကြီးလေးသော ဥပဒေချိုးဖောက်မှုများကို ကုလသမဂ္ဂမှ အကြိမ်ကြိမ် မှတ်တမ်းရှိပြီးဖြစ်၊
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ တရားဝင်မှု အဆင့်အတန်း မည်သို့ပင် ဆိုနေစေကာမူ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ အဓိက ကျူးလွန်နေကြသူများဖြစ်၊
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် ပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသော အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန် တရားစွဲအရာရှိမှ တင်သွင်းလျှောက်ထားမှုအပေါ် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းလို၊
မည်သည့်နိုင်ငံမဆို စစ်အုပ်စု နှင့် မဆင်မခြင်ဆက်ဆံရေးများ ပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ ဆက်လက်ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင်သွယ်ဝိုက်၍
ပါဝင်ပတ်သက်မှု မလုပ်သင့်၊
ဤသို့ ဆောင်ရွက်မှုများသည် မြန်မာ့သမိုင်းတွင် ကျန်ရှိနေမည်ဖြစ်ပြီး၊ မြန်မာပြည်သူများအနေဖြင့် နာကြည်းခါးသီးစွာ အမြဲ အမှတ်ရနေကြမည် ဖြစ်၊
မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာနှင့် အနာဂတ်ကို ကယ်တင်ရန် နိုင်ငံတကာ အသိုက်အဝန်း၏ R2P အကောင်အထည်ဖော်မှုသည် ကြာမြင့်စွာ နှောင့်နှေးနေပြီဖြစ်ရာ
ယခုအချိန်သည် လုပ်ဆောင်ရမည့်အချိန် ဖြစ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)
၁။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစီအစဉ်အမှတ် (၁၃၁) ဖြစ်သော အကာအကွယ်ပေးရန် တာဝန်ရှိမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုသန့်စင်ရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကာကွယ်တားဆီးရေးဆိုင်ရာခေါင်းစဉ်ဖြင့် မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါမျက်နှာစုံညီအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည် -
(က) ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု (R2P) ကို ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီး ညီလာခံ၌ အတည်ပြုခဲ့ကြောင်း၊ သို့သော်လည်း ဤနိုင်ငံတကာစံနှုန်းအပေါ်နိုင်ငံများ၏ကတိကဝတ်သည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်သူများ အပြစ်ပေးအရေးယူခံရခြင်းမှ လွတ်မြောက်နေမှု တိုးပွားလာနေမှုမှသည် စုပေါင်းအရေးယူဆောင်ရွက်ရန် စိတ်ဆန္ဒကင်းမဲ့မှုအထိ စဉ်ဆက်မပြတ်သော ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊
(ခ) R2P မူဘောင်အောက်တွင် ထိခိုက်နစ်နာနေသော ပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကြိုတင်တားဆီးကာကွယ်ရေးတို့သည် နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့၏ တာဝန်ဝတ္တရားတို့အပေါ်တွင် အသီးသီး မတူညီသော အချိုးအစားဖြင့် မှီတည်နေပါကြောင်း၊
(ဂ) ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်သည် သက်ဆိုင်ရာနိုင်ငံတွင် တာဝန်ရှိပါကြောင်း၊ သို့သော် နိုင်ငံတစ်နိုင်ငံသည် အဆိုပါတာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်သည့်အခါ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မျက်ကွယ်ပြုနေ၍မရဘဲ အားနည်းချိနဲ့သော ပြည်သူများ ကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ တာဝန်ယူ ဆောင်ရွက်သင့်ပါကြောင်း၊
(ဃ) ဤသို့သောအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် R2P ၏ အောက်ပါမဏ္ဍိုင်သုံးရပ်ကို အလေးပေးထောက်ပြလိုပြီး၊ မြန်မာပြည်သူများသည် ၎င်းတို့ကိုကာကွယ် စောင့်ရှောက်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းထံ ရှင်းလင်း ကျယ်လောင်စွာဖြင့် တောင်းဆိုနေဆဲ ဖြစ်ကြောင်း၊
(င) ပထမအချက်မှာ မြန်မာပြည်သူများကို အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများမှ ကာကွယ်ရန် တာဝန်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုသည် ဒီမိုကရေစီ အဖွဲ့အစည်းများ၊ တရားဥပဒေစိုးမိုးရေး နှင့် တရားစီရင်ရေး လွတ်လပ်မှုတို့ကို ဖျက်ဆီးကာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် အရေးယူအပြစ်ပေးခံရမှုများမှ လုံးဝလွတ်မြောက်သည့်အနေအထားဖြင့် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအဆင့်အထိရောက်ရှိလာသည့် စစ်အုပ်စု၏ ကြီးလေးသော ဥပဒေချိုးဖောက်မှုများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တို့အပါအဝင် ကုလသမဂ္ဂမှ အကြိမ်ကြိမ် မှတ်တမ်းရှိပြီး ဖြစ်ကြောင်း၊
(စ) အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ ၈၁၀၀ ကျော်ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး ပြည်တွင်း နေရပ် စွန့်ခွာ စစ်ဘေးရှောင် ၃.၇ သန်းကျော် ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့အပြင် ဧပြီလ ၂၀ ရက်မှ ဇွန်လ ၃၀ ရက်အထိ ၎င်းတို့၏ မတရားသောအုပ်ချုပ်မှု စတင်ပြီး ရက် ၇၀ အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၄၇ ကြိမ်နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ်တို့အပါအဝင် အရပ်သား ပြည်သူများကို ဦးတည်သည့်အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့်ပြင်းထန်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ တရားဝင်မှုအဆင့်အတန်း မည်သို့ပင်ဆိုနေစေကာမူ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ အဓိက ကျူးလွန်နေကြသူများဖြစ်ကြောင်း၊
(ဆ) ဒုတိယအချက် မှာ နိုင်ငံများအနေဖြင့် အဆိုပါတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးကူညီကြရန် တာဝန်ရှိပါကြောင်း၊ ထိခိုက်ခံစားနေရသည့် ပြည်သူများကို ကာကွယ်ရေး၊ ရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေးနှင့် ပြစ်မှုကျူးလွန်ခံရသူများအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးတို့သည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေပြီး အပြန်အလှန် အားဖြည့်ပေးနေသည့်ကိစ္စများ ဖြစ်ပါကြောင်း၊
(ဇ) စစ်အုပ်စု၏ ဆိုးဝါးပြီး ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို တုံ့ပြန် သည့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သား ပြည်သူများကို ကာကွယ်ရေးနှင့် တာဝန်ခံမှုကွာဟချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရောမ စာချုပ် ၏ အပိုဒ် (၁၂) အပိုဒ်ခွဲ (၃) နှင့်အညီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊
(ဈ) သို့ဖြစ်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် ပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဆီးရန် တရားစွဲအရာရှိမှ တင်သွင်းလျှောက်ထားမှုအပေါ် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊
(ည) ထို့အပြင် NUG နှင့်မဟာမိတ်ဒီမိုကရေစီအင်အားစုများသည် ပဋိပက္ခကာလအတွင်း မတရား မှုများ ကျူးလွန်ခံရသော ပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး ရည်ရွယ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှ တစ်ဆင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု စနစ်တစ်ရပ် တည်ထောင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို ကာကွယ်ရေးနှင့် ကြိုတင်တားဆီးရေးအစီအမံများ ရရှိစေမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် SCEF ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီပေးရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်း မေတ္တာရပ်ခံပါကြောင်း၊
(ဋ) တတိယအချက် အနေဖြင့် တာဝန်ရှိမှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းမှ သင့်လျော် သော စုပေါင်းအရေးယူဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ ခိုင်မာစွာဆောင်ရွက်ရမည့် အကြောင်းကိစ္စ ဖြစ်ပါကြောင်း၊ တရားမဝင်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ ငါးနှစ်ကျော်ကြာသည့်တိုင် နိုင်ငံတကာအသိုက်အဝန်းသည် အာဆီယံ ဘုံသဘောတူညီမှု(၅)ချက်၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) အပါအဝင် သံတမန်နည်းလမ်း၊ လူသားချင်း စာနာမှုဆိုင်ရာ နည်းလမ်းနှင့် အခြားငြိမ်းချမ်းသောနည်းလမ်းများဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် နည်းလမ်း များရှာဖွေကြိုးပမ်းခဲ့ကြပါကြောင်း၊ သို့ရာတွင် လက်ရှိမြေပြင်အခြေအနေများကပင် ထိုအစီအမံများ သည် လုံးဝမလုံလောက်ကြောင်း ထင်ရှားစွာ သက်သေပြနေကြောင်း၊
(ဌ) သို့ဖြစ်ပါ၍ ထိခိုက်နစ်နာနေသည့် ပြည်သူများကို ကာကွယ်ရေးအတွက် ပဋိညာဉ်စာတမ်း အခန်း (၇) အောက်မှ နောက်ဆက်တွဲ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခြင်းအပါအဝင် စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးနိုင်သော ပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဆင်းနေမှုကို ရပ်တန့်ရေးတို့အပါအဝင် နိုင်ငံတကာအသိုက် အဝန်း၏ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ လိုအပ်နေကြောင်း၊
(ဍ) The Gambia v. Myanmar အမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ စောင့်ဆိုင်းနေရသည့်ဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ခေါင်းဆောင်များအား ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် အခွင့်အလမ်း တစ်ရပ် ဖြစ်လာသင့်ကြောင်း၊
(ဎ) နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုရှင်းလင်းမှု နှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လှုံ့ဆော်မှုများမှ ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိမှု၊ ကြိုတင်ကာကွယ်ရေး၊ တားဆီးရေးအတွက် တာဝန်ဝတ္တရားများကို လိုက်နာရန် ထပ်လောင်းအတည်ပြုပါကြောင်း၊
(ဏ) နိုင်ငံတကာ အသိုက်အဝန်းသည် စစ်အုပ်စု ဆက်လက်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို မျက်ကွယ်ပြု၍ သို့မဟုတ် တိတ်ဆိတ်စွာ ပူးပေါင်းပါဝင်သူအဖြစ် ရှိမနေသင့်တော့ကြောင်း၊ ဤနေရာတွင် မည်သည့်နိုင်ငံမဆို စစ်အုပ်စု နှင့်
မဆင်မခြင်ဆက်ဆံရေးများပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများတွင် သွယ်ဝိုက်၍ ပါဝင်ပတ်သက်မှု မလုပ်သင့်ပါကြောင်း၊ ဤသို့ဆောင်ရွက်မှုများသည် မြန်မာ့သမိုင်းတွင် ကျန်ရှိနေမည်ဖြစ်ပြီး၊မြန်မာပြည်သူများအနေဖြင့် နာကြည်းခါးသီးစွာ အမြဲ အမှတ်ရနေကြမည် ဖြစ်ပါကြောင်း၊
(တ) အချိန်သည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာနှင့် အနာဂတ်ကို ကယ်တင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ R2P အကောင်အထည်ဖော်မှုသည် ကြာမြင့်စွာ နှောင့်နှေးနေပြီဖြစ်ရာ ယခုအချိန်သည် လုပ်ဆောင်ရမည့် အချိန် ဖြစ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations
under Agenda Item 131: The Responsibility to Protect and the Prevention of Genocide, War Crimes, Ethnic Cleansing and Crimes against Humanity
at the Plenary Meeting of the United Nations General Assembly
(New York, 6 July 2026)
Madam President,
I wish to begin by thanking you for convening this meeting.
I also thank the Secretary-General and his Special Advisor on R2P for the comprehensive report.
Madam President,
The Responsibility to Protect (R2P) was unanimously adopted at the 2005 UN World Summit Outcome.
Yet our commitment to this international norm has been met with persistent challenges from growing impunity for atrocity crimes to the lack of collective willingness to act.
Against this backdrop, today’s debate offers an opportunity to move from rhetoric to implementation, share best practices in prevention and highlight country-specific situations, where populations are enduring atrocity crimes, including my own, Myanmar.
Madam President,
Under the R2P framework, the protection of affected populations and prevention of atrocity crimes rest on the shoulders of States and the international community to varying degrees.
The primary responsibility to protect civilians falls on a respective nation. However, once a state fails to do so, the international community should not take a blind eye, instead bear the necessary responsibility to protect vulnerable population.
In this regard, I wish to underscore the following three pillars of R2P with regard to Myanmar where its people have been clearly and loudly appealing to the international community to protect them.
First, responsibility to protect its populations from mass atrocity crimes: following the illegal 2021 coup, the military junta has demolished our democratic institutions, the rule of law and judicial independence to commit mass atrocities with complete impunity.
Their flagrant violations, amounting to war crimes and crimes against humanity, have been repeatedly documented by the UN including the Independent Investigative Mechanism for Myanmar (IIMM) and the UN Special Rapporteur on the situation of human rights in Myanmar.
More than 8,100 people have been killed by the military junta. Over 3.7 million people are internally displaced.
It is reported that the military had intensified its system-wide campaign of violence against the civilian population, including 1,147 aerial attacks and 20 massacres, within 70 days of its sham-administration from 20 April to 30 June this year.
The military junta, regardless of their nominal status, remains the primary and willful perpetrator of war crimes and crimes against humanity in Myanmar, which brings me to the next pillar.
Second, responsibility of the international community to assist States in meeting that responsibility: protection of affected populations, accountability for perpetrators and transitional justice for victims are closely intertwined and mutually reinforcing.
In response to heinous and widespread crimes of the military junta, the National Unity Government (NUG) has declared in July 2021 its acceptance of the jurisdiction of the International Criminal Court in accordance with Article 12(3) of the Rome Statute to address accountability gaps and protect the civilian population across Myanmar.
Taking this opportunity, I urge the ICC to duly consider the Prosecutor’s application for an arrest warrant against Min Aung Hlaing for his crimes against the people.
In addition, the NUG and allied democratic forces are coordinating, through the Steering Council for the Emergence of a Federal Democratic Union (SCEF), to institute a system of transitional justice to achieve justice and accountability for victims of injustices during the conflict period.
We call on the international community to support the SCEF in their endeavors to eradicate the military dictatorship and build a federal democratic union for sustained protection and prevention measures.
Third, responsibility of the international community to take appropriate collective action in a timely and decisive manner: over five years since the coup, the international community has explored diplomatic, humanitarian and other peaceful means, including the ASEAN 5PC and the SCR 2669 (2022) to address the situation in Myanmar.
However, realities on the ground demonstrate complete inadequacy of such measures.
Protection of affected populations, therefore, requires decisive actions by the international community, including a follow-up SC resolution under Chapter VII, and the cessation of flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta.
The awaited decision of the ICJ on the case of The Gambia v. Myanmar should serve as an opportunity to hold the military junta and its leadership accountable for their international crimes against the people.
In conclusion, Madam President, Myanmar reaffirms our responsibility to protect populations from genocide, war crimes, ethnic cleansing and crimes against humanity, including through their prevention and incitement.
The international community cannot remain a bystander or even complicit in the military junta’s ongoing war crimes and crimes against humanity.
Here, I wish to demand that any country should not complicit to the military junta’s ongoing atrocities by having unwarranted engagements with them. It will be in the history of Myanmar, and the people of Myanmar will always remember bitterly and painfully them.
Time is of the essence. Implementation of the R2P by the international community is clearly long overdue to save the lives of the people of Myanmar and their future.
I thank you.
*****












