Statement by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly, on Crime Prevention and Criminal Justice and International Drug Control Agendas





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on Crime Prevention and Criminal Justice and International Drug Control Agendas, held on 7 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်
ပြစ်မှုကာကွယ်ရေးနှင့် ပြစ်မှုဆိုင်ရာတရားမျှတမှုနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးခေါင်းစဉ်တို့ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်၌
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ အရှိန်အဟုန် ကြီးထွားစွာဖြင့် ဖြစ်ပေါ် လာရခြင်း၏ အဓိကဇစ်မြစ်မှာ တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ နောက်ဆက်တွဲ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားဥပဒေစိုးမိုးရေးအား
အလုံးစုံးပျက်သုဉ်းစေခြင်းတို့ကြောင့် ဖြစ်၊
စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ၏ အမြင်တွင် ကောင်းမွန်စေရန်အတွက်မျှသာ ဟန်ပြနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ပြီး ၎င်းတို့၏ခေါင်းဆောင်ပိုင်းများအနေဖြင့် အမြတ်အစွန်းများကို
တိုက်ရိုက်ရယူနေပြီး အဆိုပါ မှုခင်းများအား ကြိုးကိုင်ခြယ်လှယ်သည့် ဉာဏ်ကြီးရှင်များကိုလည်း အကာအကွယ်ပေးထား၊
အဆိုပါ အကျပ်အတည်းသည် မိမိတို့၏ နယ်စယ်ဒေသများတွင်သာ အဆုံးသတ်သွားခြင်း မရှိဘဲ ဒေသတွင်းနှင့် ကမ္ဘာ့နေရာ အနှံ့အပြားသို့ပါ ယိုစိမ့်ကာ ဘဏ္ဍာရေးစနစ်များ ပျက်ပြားခြင်း၊ မြေအောက်ဒစ်ဂျစ်တယ်ငွေကြေး ခဝါချသည့် ကွန်ရက်များ အားပေး အားမြှောက်ပြုခြင်းနှင့်
ဒါဇင်ပေါင်းများစွာသော နိုင်ငံများမှ သားကောင်များအား ဒစ်ဂျစ်တယ်ကျွန်ဝင်းများ၌
တိုက်ပိတ်ခြင်းတို့ကို ဖြစ်ပေါ်စေလျက်ရှိသည်မှာ ထင်ရှား၊
စစ်အုပ်စုအား တာဝန်ခံမှုရှိစေရန်၊ တရားရေးစနစ်များ ခိုင်မာအားကောင်းလာစေရန်၊ UNODC နှင့် ဒေသတွင်း လုပ်ဆောင်ချက်များအား ချဲ့ထွင်ရန်နှင့် သားကောင်များအား ကယ်ဆယ်ရေးတို့အား ကူညီပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုလို၊
တရားမျှတမှုနှင့် တာဝန်ခံမှု လေဟာနယ်ဖြစ်နေပါက ပြစ်မှုကာကွယ်ရေးနှင့် မူးယစ် ဆေးဝါး ထိန်းချုပ်ရေးတို့ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်၊ အဆိုပါ ကြိုးပမ်းမှု များနှင့် အတူ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ရာဇဝတ်မှုကျူးလွန်သည့် လက်ဝေခံကွန်ရက်များ ဖြိုခွဲရေးနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်အသက်သွင်းရေးတို့ကိုပါ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် ပြစ်မှုကာကွယ်ရေးနှင့် ပြစ်မှုဆိုင်ရာတရားမျှတမှုနှင့် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေး (Crime Prevention and Criminal Justice and International Drug Control) ခေါင်းစဉ်တို့ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၇-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) ၌ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၀) ကျော်ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင်အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ဤခေါင်းစဉ်အောက်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အစီရင်ခံစာ A/81/138 ကို အလေးထားဖတ်ရှုရပါ ကြောင်း၊ ထို့အတူ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UN Office of Drugs and Crimes – UNODC) ၏ မူးယစ်ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုနှင့် ထိရှလွယ်သောအုပ်စုများအား အကာကွယ်ပေးလျက်သည့် လုပ်ဆောင်ချက်များအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ အရှိန်အဟုန် ကြီးထွားစွာဖြင့် ဖြစ်ပေါ်လာရခြင်း၏ အဓိကဇစ်မြစ်မှာ တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ နောက်ဆက်တွဲ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားဥပဒေစိုးမိုးရေးအား အလုံးစုံး ပျက်သုဉ်းစေခြင်းတို့ကြောင့် ဖြစ်ကြောင်း၊
(ဂ) မိမိတို့အနေဖြင့် ထိုအရှိတရားကို အရှိတရားအတိုင်း ပြောကြားရမည်ဖြစ်ကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် မအောင်မြင်သောမတရားစစ်အာဏာသိမ်းမှု ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ စစ်အုပ်စုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ၏ အဓိကပဲ့ကိုင်ရှင်၊ ဖန်တီးသူနှင့် အကျိုးအမြတ်ခံစားသူအဖြစ် နေရာယူခဲ့ကြောင်း၊
(င) စစ်အုပ်စုသည် မိမိတို့၏ နယ်စပ်ဒေသများကို အာရှ-ပစိဖိတ်ဒေသတစ်ခွင်လုံးသို့ ပျံ့နှံ့ ရောက်ရှိနေသော လူထုအခြေပြုမက်သ်အဖက်တမင်း(methamphetamine) နှင့် ကီတမင်း (ketamine) ကဲ့သို့သော ဓာတ်ခွဲခန်းသုံး မူးယစ်ဆေးဝါးများ စံချိန်တင်ထုတ်လုပ်မှု၊ ခေတ်သစ် ကျွန်ပြုမှု၊ လူကုန်ကူးမှုနှင့် စက်မှုလုပ်ငန်းအဆင့်မီ ဆိုက်ဘာလိမ်လည်မှုများ (cyber-scams) ကျက်စားရာ ကမ္ဘာ့အချက်အချာဒေသများဖြစ်လာစေရန် ကြားခံနယ်ခြားစောင့်တပ်များအပါအဝင် ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
(စ) စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ၏အမြင်တွင်ကောင်းမွန်စေရန်အတွက်မျှသာ ဟန်ပြနှိမ်နင်းမှုများလုပ်ဆောင်ခဲ့ပြီး အများသူငှာ မျက်စိမှောက်စေနိုင်သော၊ အပေါ်ယံဆန်သည့် လိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းနေစဉ် ၎င်းတို့၏ ခေါင်းဆောင်ပိုင်းများအနေဖြင့် အမြတ် အစွန်းများကိုတိုက်ရိုက်ရယူနေပြီး အဆိုပါမှုခင်းများအား ကြိုးကိုင်ခြယ်လှယ်သည့် ဉာဏ်ကြီးရှင်များကိုလည်း အကာအကွယ်ပေးထားကြောင်း၊ ထို့ပြင် ပြည်တွင်းဆန့်ကျင်ကန့်ကွက်မှုများကို ဖိနှိပ်ရန် ၎င်းတို့၏ဟန်ပြဥပဒေများကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း၊
(ဆ) အဆိုပါ အကျပ်အတည်းသည် မိမိတို့၏ နယ်စယ်ဒေသများတွင်သာ အဆုံးသတ်သွားခြင်း မရှိဘဲ ဒေသတွင်းနှင့် ကမ္ဘာ့နေရာအနှံ့အပြားသို့ပါ ယိုစိမ့်ကာ ဘဏ္ဍာရေးစနစ်များ ပျက်ပြားခြင်း၊ မြေအောက်ဒစ်ဂျစ်တယ်ငွေကြေး ခဝါချသည့် ကွန်ရက်များ အားပေးအားမြှောက်ပြုခြင်းနှင့် ဒါဇင်ပေါင်းများစွာသော နိုင်ငံများမှ သားကောင်များအား ဒစ်ဂျစ်တယ်ကျွန်ဝင်းများ၌ တိုက်ပိတ် ခြင်းတို့ကို ဖြစ်ပေါ်စေလျက်ရှိသည်မှာ ထင်ရှားကြောင်း၊
(ဇ) သို့ဖြစ်ရာ မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ နယ်မြေရှင်းလင်းရေးအား ဦးဆောင်ခဲ့ပြီး ပိတ်လှောင်ခံထားရသည့် ထောင်နှင့်ချီသော နိုင်ငံခြားသားများအား ကယ်တင်ခဲ့သည့်အဖွဲ့များအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်တို့အနေဖြင့် အဆိုပါစိန်ခေါ်မှုအား ကိုင်တွယ်ဖြေရှင်းရန် အားထုတ်ကြိုးပမ်းလျက် ရှိကြောင်း၊
(ဈ) သို့သော် မိမိတို့ တစ်ဦးတည်းအင်အားဖြင့် မစွမ်းဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် စစ်အုပ်စုအား တာဝန်ခံမှုရှိစေရန်၊ တရားရေးစနစ်များ ခိုင်မာအားကောင်းလာစေရန်၊ UNODC နှင့် ဒေသတွင်း လုပ်ဆောင်ချက်များအား ချဲ့ထွင်ရန်နှင့် သားကောင်များအား ကယ်ဆယ်ရေးတို့အား ကူညီပံ့ပိုး ပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုလိုပါကြောင်း၊
(ည) အထူးသဖြင့် ကုလသမဂ္ဂနှင့် UNODC တို့အနေဖြင့် စစ်အုပ်စုနှင့် မဟုတ်ဘဲ မိမိတို့ တော်လှန်ရေးအင်အားစုအတွင်းရှိ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုက်ရိုက်ထိတွေ့ ပူးပေါင်းဆောင်ရွက်ကာလုပ်ငန်းပိုင်းဆိုင်ရာ ထိတွေ့မှု၊ သတင်းအချက်အလက်များမျှဝေရန်နှင့် သားကောင်များကယ်ဆယ်ရေးမူဘောင်များအား တိုးချဲ့ရန် တောင်းဆိုလိုကြောင်း၊ အဆိုပါ အစီအစဉ်များတွင် စက်မှုလုပ်ငန်းအဆင့် မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများ ဆက်လက်လည်ပတ်နိုင်ရန် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနေသည့် တရားမဝင် ရှေ့ပြေးဓာတုပစ္စည်းများ (precursor chemicals) အပေါ် ပစ်မှတ်ထား စောင့်ကြည့်ခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ထိန်းချုပ်မှုများ မဖြစ်မနေ ပါဝင်ရန် လိုအပ်ကြောင်း၊
(ဋ) ထို့နည်းတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း စစ်အုပ်စု ခေါင်းဆောင်ပိုင်းအပေါ် ပစ်မှတ်ထားသည့်ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အဆိုပါတရားမဝင်လုပ်ငန်းများ တည်တံ့စေရေးအတွက် ပံ့ပိုးပေးနေသည့် နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေးနှင့် ထောက်ပံ့ပိုးဆောင်ရေး ကွန်ရက်များအား ဖြိုခွဲနိုင်မည့်အစီအစဉ်များ ပါဝင်သောအာဏာသက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် တောင်းဆိုပါကြောင်း၊
(ဌ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ချုပ်ငြိမ်းစေရေးအတွက် လက်ရှိ ရှိပြီးဖြစ်သည့် လုပ်ငန်းစဉ်များကို ပိုမိုအားကောင်းရန် ပြုလုပ်ရမည်ဖြစ် ကြောင်း၊
(ဍ) တရားမျှတမှုနှင့် တာဝန်ခံမှုလေဟာနယ်ဖြစ်နေပါက ပြစ်မှုကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးတို့ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အဆိုပါ ကြိုးပမ်းမှု များနှင့်အတူ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ရာဇဝတ်မှုကျူးလွန်သည့် လက်ဝေခံကွန်ရက်များ ဖြိုခွဲရေးနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်အသက်သွင်းရေးတို့ကိုပါ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly, on Crime Prevention and Criminal Justice and International Drug Control Agendas
(New York, 7 October 2026)
Mr. Chair,
At the outset, I wish to thank the Secretary-General for his reports under these agenda items, with particular note of report A/81/138.
I also thank UNODC for its interventions and dedication to addressing the drug crisis and protecting vulnerable populations.
Myanmar aligns with the statement delivered by ASEAN, and I would like to address further in our national capacity.
Mr. Chair,
The explosion of transnational crime in Myanmar is the direct result of the illegal military coup, the military junta’s subsequent atrocities and its complete destruction of rule of law.
We must call a spade a spade.
Ever since its failed 2021 coup, the junta has functioned as the primary architect, protector, and beneficiary of transnational crime. The military junta has partnered with criminal syndicates, including proxy Border Guard Forces (BGFs), to turn our borderlands into global hubs for industrial-scale cyber-scams, human trafficking, modern slavery, and record-high manufacturing of synthetic drugs, including mass-market methamphetamine and ketamine that flood the entire Asia-Pacific region.
While the junta stages fake crackdowns and enacts deceptive, superficial "anti-scam" laws for international optics only, its senior military commanders directly pocket the profits, shelter the masterminds, and weaponize these same laws to suppress domestic dissent.
Evidently, this crisis does not stop at our borders. It bleeds into the region and the wider world, corrupting financial systems, fueling money-laundering networks, and trapping victims from dozens of countries in digital slave compounds.
In response, Myanmar’s democratic resistance forces, the SCEF, EROs, such as those who have spearheaded territorial crackdowns and rescued thousands of trapped foreign nationals, alongside the NUG and local civil society networks, are stepping up to tackle the issue effectively.
Yet, we cannot tackle this alone.
We urgently call on the international community to hold the junta accountable, strengthen justice mechanisms, expand UNODC and regional action, and prioritize human rescue.
To achieve this, we urge key international bodies to fulfill distinct, vital roles:
The UN and the UNODC must expand operational engagement, intelligence-sharing, and victim rescue frameworks by coordinating directly with Myanmar’s democratic stakeholders and civil society rather than the junta. This must include targeted tracking and supply-chain controls on the illegal precursor chemicals flowing across borders that enable industrial drug laboratories to operate.
The UN Security Council must step up by adopting binding resolutions to impose targeted sanctions on the junta's leadership, and dismantle the transnational financial and logistical networks sustaining these illicit hubs.
The members of the international community have to strengthen further their existing tools to eliminate the transnational crimes in Myanmar.
In closing, Mr. Chair, crime prevention and drug control cannot succeed in a vacuum devoid of justice and accountability. These efforts must go hand-in-hand with ending military dictatorship, dismantling criminal proxy networks, and restoring the rule of law in Myanmar.
I thank you, Mr. Chair.
****











