Statement by Ambassador Kyaw Moe Tun, at the Sixth Committee of the 81st UNGA: General Debate on "The scope and application of the principle of universal jurisdiction"





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Sixth Committee of the Eighty-first Session of the UN General Assembly: General Debate on “The scope and application of the principle of universal jurisdiction”, held on 14 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) တွင် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သဘောတရား၏ အကျုံးဝင်သည့်နယ်ပယ်နှင့် ကျင့်သုံးမှုခေါင်းစဉ်ဖြင့်
အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သည် ပြည်တွင်းတရားရုံးများ၏ နေရာတွင် အစားထိုးအသုံးပြုရန် ရည်ရွယ်၍ တည်ဆောက်ထားသော အယူအဆ မဟုတ်၊ ၎င်းသည် မရှိမဖြစ်လိုအပ်သော အရန်လုံခြုံရေး ပိုက်ကွန်တစ်ခုဖြစ်၊ ၎င်းသည် အချုပ်အခြာအာဏာကို ထိပါးပုတ်ခတ်ခြင်းမဟုတ်ဘဲ အဓိကကျသော နိုင်ငံတကာရာဇဝတ်မှုများအား ပြစ်ဒဏ်ကင်းလွတ်သွားမည့် အရေးမှ ကာကွယ်ရန် နိုင်ငံများအကြား တာဝန်မျှဝေပေးသည့် အခြေခံမူတစ်ရပ်သာဖြစ်၊ အဆိုပါသဘောတရားသည် တရားမျှတမှု၊ တာဝန်ခံမှုနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏အနှစ်သာရဖြစ်သော တန်ဖိုးထားမှုများအပေါ် စုပေါင်းကတိကဝတ်ပြုမှုကို
ပိုမိုခိုင်မာစေ၊
စစ်အုပ်စုအနေဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကို
ကျူးလွန်ခဲ့ပြီး ပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒကို ပြောင်းပြန်လှန်ကာ အာဏာကို
အကြမ်းဖက်လုယူခဲ့၊ ထိုအချိန်မှစတင်၍စစ်အုပ်စုသည် မြန်မာပြည်သူလူထုအပေါ် စစ်မက်ပြုခဲ့ပြီး ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့၊
စစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုတိုင် ဆက်လက် ကျူးလွန်နေဆဲဖြစ်၊ စစ်အုပ်စုသည် ထိတ်လန့်တုန်လှုပ်ဖွယ် စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်လျက်ရှိ၊ မိမိတို့အနေဖြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအား မပြောဘဲ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား ဆွေးနွေး၍ မရနိုင်၊
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ယခုအခါ စစ်အုပ်စု၏အလုံးစုံထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ဖြိုလဲဖျက်ဆီးခံထားရ၊ ထိုသို့ ပျက်စီးသွားခြင်းသည် တရားဥပဒေစိုးမိုးရေးလည်း အလုံးစုံ ဆိတ်သုဉ်းသွားသည့်အခြေအနေကို ထင်ဟပ်ပြသနေပြီး လက်ရှိရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားနေသည့် အချိန်အခါတွင် ထိခိုက်နစ်နာသူသားကောင်များအား အထီးကျန်၊
အသံတိတ်ကာ အကာအကွယ်ကင်းမဲ့စေ၊
ပြည်တွင်းယန္တရားများက တရားမျှတမှုအား ဆောင်ကြဉ်းပေးရန် ဆန္ဒမရှိခြင်း သို့မဟုတ်
မစွမ်းဆောင်နိုင်ခြင်းတို့ ဖြစ်နေလျှင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ၏
အသက်နှင့် အနာဂတ်တို့အား ကယ်တင်နိုင်ရန် တာဝန်မျှဝေခံယူရမည်ဖြစ်၊
နိုင်ငံ၏ယန္တရားများကို ရာဇဝတ်သားများက မတရားသိမ်းပိုက်စိုးမိုးထားသည့်အခါတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် နိုင်ငံတကာဥပဒေရေးရာမူဘောင်များအရ ဝင်ရောက်ဖြေရှင်းပေးသင့်၊
မြန်မာပြည်သူများက ကူကယ်ရာမဲ့နေသည့်ကာလအတွင်း အကာအကွယ်ပေးရန် တာဝန်ရှိမှု (Responsibility to Protect – R2P) မူကို အသုံးပြုပေးရန် တောင်းဆိုခဲ့ပြီး “မြန်မာနိုင်ငံတွင် အသက်များကို ကယ်တင်ပေးရန် ကုလသမဂ္ဂအနေဖြင့် လူသေအလောင်း မည်မျှလိုအပ်သနည်း” ဟု မေးခွန်းထုတ်ခဲ့၊
ရာဇဝတ်မှုများအား လျစ်လျူရှု၍ အပြစ်ပေးအရေးယူခြင်း မရှိပါက ပြစ်မှုကျူးလွန်သူများအနေဖြင့် ပိုမိုရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လုပ်ဆောင်ရန်
သာလွန်ရဲတင်းလာကြမည်သာဖြစ်၊
ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာကိုအဆုံးသတ်ရန် လိုအပ်ကြောင်း၊ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု များအတွက် တာဝန်ရှိသူများကို ယုံကြည်စိတ်ချရသော နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှ တဆင့်ထိရောက်စွာ အရေးယူရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)
၁။ ကုလသမဂ္ဂ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ)တွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရား၏ အကျုံးဝင်သည့်နယ်ပယ်နှင့် ကျင့်သုံးမှု (The scope and application of the principle of universal jurisdiction) ခေါင်းစဉ်ဖြင့် အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်ကို ၁၄-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၆၀) ကျော် ပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သဘောတရားသည် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံ မူများနှင့် ကုလသမဂ္ဂပဋိညာဉ်၏အနှစ်သာရတို့တွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်ထားကြောင်း၊ ယင်းအယူအဆမှာ အချို့သောရာဇဝတ်မှုများသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏အသိတရားကို တုန်လှုပ်ခြောက်ခြားစေသည်အထိ အလွန်တရာကြီးလေးလှသည်ဟူသော အခြေခံအချက်အပေါ်တွင် အခြေ တည်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံအလိုက် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အပေါ် အနက်အဓိပ္ပါယ်ဖွင့်ဆိုမှု ကွဲပြားနိုင်သော်လည်း ယင်းသဘောတရားကို တာဝန်ယူမှုရှိရှိနှင့် ရိုးသားဖြောင့်မတ်သော စိတ်စေတနာဖြင့် ကျင့်သုံးပါက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရ ရှိနေမှုများကို တိုက်ဖျက်ရာတွင် ပိုမိုကျယ်ပြန့်စွာ အထောက်အကူပြုလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း၊
(ခ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သည် လေဟာနယ်ထဲတွင် သီးခြားတည်ရှိနေခြင်း မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပြည်တွင်းဥပဒေစနစ်တို့ဖြင့် အပြန်အလှန်အမှီသဟဲပြု၍ လည်ပတ်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားစွဲဆိုရန် ပထမဦးစားပေးတာဝန်မှာ ပြစ်မှုကျူးလွန်ရာနိုင်ငံတွင်သာ ရှိသည်ဟူသောအချက်ကို အစဉ်တစိုက်နှင့် ထပ်လောင်း အတည်ပြုပါကြောင်း၊
(ဂ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သည် ပြည်တွင်းတရားရုံးများ၏ နေရာတွင် အစားထိုး အသုံးပြုရန် ရည်ရွယ်၍ တည်ဆောက်ထားသော အယူအဆမဟုတ်ဟု ရှုမြင်ကြောင်း၊ ၎င်းသည် မရှိမဖြစ်လိုအပ်သော အရန်လုံခြုံရေးပိုက်ကွန်တစ်ခုဖြစ်ကြောင်း၊ ၎င်းသည် အချုပ်အခြာအာဏာကို ထိပါးပုတ်ခတ်ခြင်းမဟုတ်ဘဲ အဓိကကျသော နိုင်ငံတကာရာဇဝတ်မှုများအား ပြစ်ဒဏ်ကင်းလွတ်သွားမည့်အရေးမှ ကာကွယ်ရန်နိုင်ငံများအကြား တာဝန်မျှဝေပေးသည့် အခြေခံမူတစ်ရပ်သာ ဖြစ်ကြောင်း၊ အဆိုပါသဘောတရားသည် တရားမျှတမှု၊ တာဝန်ခံမှုနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ၏ အနှစ်သာရဖြစ်သော တန်ဖိုးထားမှုများအပေါ် စုပေါင်းကတိ ကဝတ်ပြုမှုကို ပိုမိုခိုင်မာစေကြောင်း၊
(ဃ) ဤနေရာတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်က ရှင်းလင်းကြောင်း၊ ပြည်တွင်းမူဘောင် များ၏ ကွဲပြားခြားနားမှုနှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုနှင့်စပ်လျဉ်း၍ လတ်တလော ဖြစ်ပေါ် လျက်ရှိသော တင်းမာမှုများနှင့် နိုင်ငံများ၏ကင်းလွတ်ခွင့်များအပါအဝင် အဆိုပါသဘောတရားအား လက်တွေ့အသုံးချခြင်းတို့က မိမိတို့အကြား အဓိကစိန်ခေါ်မှုဖြစ်သည်ကို နားလည်ပါကြောင်း၊
(င) ထို့ကြောင့်ပင်လျှင် ဆဌမကော်မတီ၏ လုပ်ငန်းအဖွဲ့မှ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေမှုများ သည် အလွန်တရာ အရေးကြီးရခြင်း ဖြစ်ကြောင်း၊ အလွဲသုံးစားပြုမှုများအား ကာကွယ်ရန်နှင့် အချုပ်အခြာအာဏာဟူသော အကာအကွယ်ဒိုင်းလွှာကို အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးအတွက် ဝတ်ရုံတစ်ခုအဖြစ် အလွဲသုံးစား မပြုနိုင်စေရန် ဘုံဥပဒေကြောင်းဆိုင်ရာနားလည်မှု တစ်ရပ်ကို ထူထောင်ရမည့်လုပ်ငန်းအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာကို မိမိတို့အပြည့်အဝ ထောက်ခံကြောင်း၊
(စ) မြန်မာပြည်သူများအဖို့ငှာ အဆိုပါငြင်းခုံဆွေးနွေးမှုများသည် အသက်တမျှ အရေးကြီးကြောင်းနှင့် မိမိတို့နိုင်ငံ၏လက်ရှိအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်ဟူသော အယူအဆအား စတင်ဖော်ထုတ်ခဲ့ရသည့် နောက်ခံအကြောင်းအရင်းနှင့် ယင်းသဘောတရားကို လက်တွေ့ထိရောက်စွာ ကျင့်သုံးအကောင်အထည်ဖော်ရန် လိုအပ်သည့်အကြောင်းပြချက်တို့ကို ထင်ရှားစွာ သက်သေပြလျက်ရှိကြောင်း၊
(ဆ) စစ်အုပ်စုအနေဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ပြီး ပြည်သူလူထု၏ ဒီမိုကရေစီဆန္ဒကို ပြောင်းပြန်လှန်ကာ အာဏာကို အကြမ်းဖက်လုယူခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍စစ်အုပ်စုသည် မြန်မာပြည်သူလူထုအပေါ် စစ်မက်ပြုခဲ့ပြီး ကြီးလေး သော နိုင်ငံတကာရာဇဝတ်မှုများကိုကျူးလွန်ခဲ့ကြောင်း၊
(ဇ) ပထမဦးစွာ စစ်အုပ်စုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုတိုင်ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းမှုများ၊ ကျယ်ပြန့်သော နှိပ်စက်ညှင်းပန်းမှုများ၊ ငြိမ်းချမ်းစွာဆန္ဒပြသည့် အရပ်သားများကို သတ်ဖြတ်မှုများနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို တွေ့မြင်နေရကြောင်း၊ ထိုသို့သော လုပ်ရပ်များသည် တင်းကြပ်သောဥပဒေကြောင်းအရ သတ်မှတ်ချက်များနှင့် ကိုက်ညီနေကြောင်း၊ စစ်အုပ်စု၏လုပ်ဆောင်ချက်များသည် အရပ်သားပြည်သူလူထုအား တိုက်ရိုက်ပစ်မှတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊
(ဈ) ဒုတိယအချက်အနေဖြင့် စစ်အုပ်စုသည် ထိတ်လန့်တုန်လှုပ်ဖွယ် စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူများဘက်သို့ သေနတ်ပြောင်း လှည့်ကာ တိုက်ခိုက်လေ့ရှိပြီး ကျေးရွာများအပေါ် မဆင်မခြင်လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ကာ စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ်သို့လည်း ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲလျက်ရှိကြောင်း၊ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများသည် အကာအကွယ်ပေးရမည့် စစ်ရေးပစ်မှတ် မဟုတ်သောသူများနှင့် အရပ်ဘက်အဆောက်အအုံများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားမှုဖြစ်သောကြောင့် ဂျီနီဗာ ကွန်ဗင်းရှင်းအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း၊
(ည) တတိယအချက်မှာ မိမိတို့အနေဖြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်မှုများအား မပြောဘဲ ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အား ဆွေးနွေး၍ မရနိုင်ကြောင်း၊ မြန်မာနိုင်ငံရှိစစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းမှု မကျူးလွန်မီကတည်းကပင် ရခိုင်ပြည်နယ်၌ အလွန်အမင်း ရက်စက်သော နယ်မြေရှင်းလင်းရေးလှုပ်ရှားမှုများကို လုပ်ဆောင်ကာ နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မိမိတို့အနေဖြင့် အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် နိုင်ငံတကာတရားစီရင်မှုများကို ခိုင်ခိုင်မာမာ ထောက်ခံပါကြောင်း၊
(ဋ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်၏ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်မှု သဘောသဘာဝနှင့် ဆက်စပ်၍ပြောရမည်ဆိုလျှင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းတရားစီရင်ရေးအခြေအနေအား လေ့လာရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် စစ်အုပ်စု၏ အလုံးစုံထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဖြိုလှဲဖျက်ဆီးခံထားရကြောင်း၊ ထိုသို့ ပျက်စီးသွားခြင်းသည် တရားဥပဒေစိုးမိုးရေးလည်း အလုံးစုံ ဆိတ်သုဉ်းသွားသည့်အခြေအနေကို ထင်ဟပ်ပြသနေပြီး လက်ရှိရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားနေသည့်အချိန်အခါတွင် ထိခိုက်နစ်နာသူ သားကောင်များအား အထီးကျန်၊ အသံတိတ်ကာ အကာအကွယ်ကင်းမဲ့စေပါကြောင်း၊
(ဌ) ဤကဲ့သို့သောအခြေအနေတွင် ပြည်တွင်းယန္တရားများက တရားမျှတမှုအား ဆောင်ကြဉ်းပေးရန် ဆန္ဒမရှိခြင်း သို့မဟုတ် မစွမ်းဆောင်နိုင်ခြင်းတို့ ဖြစ်နေလျှင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်သူများ၏အသက်နှင့်အနာဂတ်တို့အား ကယ်တင်နိုင်ရန် တာဝန်မျှဝေခံယူရမည်ဖြစ်ကြောင်း၊
(ဍ) နိုင်ငံ၏ယန္တရားများကို ရာဇဝတ်သားများက မတရားသိမ်းပိုက်စိုးမိုးထားသည့်အခါတွင် နိုင်ငံ တကာအသိုက်အဝန်းအနေဖြင့် နိုင်ငံတကာဥပဒေရေးရာမူဘောင်များအရ ဝင်ရောက်ဖြေရှင်းပေးသင့်သည်ဟု မိမိတို့ ယုံကြည်ကြောင်း၊
(ဎ) ထို့ကြောင့်ပင်လျှင် မြန်မာပြည်သူများက ကူကယ်ရာမဲ့နေသည့် ကာလအတွင်း အကာအကွယ် ပေးရန် တာဝန်ရှိမှု (Responsibility to Protect – R2P) မူကို အသုံးပြုပေးရန် တောင်းဆိုခဲ့ပြီး “မြန်မာနိုင်ငံတွင် အသက်များကို ကယ်တင်ပေးရန် ကုလသမဂ္ဂအနေဖြင့် လူသေအလောင်း မည်မျှ လိုအပ်သနည်း” ဟု မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊
(ဏ) သို့နှင့်တိုင် အကူအညီများက ယနေ့အထိ အငွေ့ရေးရေးမျှသာ ရှိကြောင်း၊
(တ) စစ်အုပ်စုအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းက မြန်မာ့အရေးအပေါ် ပြတ်သားစွာ ကြားဝင် ဆောင်ရွက်ပေးရန် အားနည်းသည့်အချက်ကို ကြိုတင်သိမြင်နေသကဲ့သို့ အခွင့်ကောင်းယူလျက် ရှိကြောင်း၊
(ထ) ၎င်းတို့မှားသည်ဟု မိမိတို့ သက်သေပြရမည် ဖြစ်ကြောင်း၊
(ဒ) ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်သည် အသက်ကယ်တမျှအရေးကြီးသည်ဟု မိမိတို့ ခံယူကြောင်း၊ မိမိတို့အနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာဥပဒေအား အပြည့်အဝ လေးစားလိုက်နာ ရန် ကတိကဝတ်ပြုကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
(ဓ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားတွင် စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ်ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုမြောက်သော သက်သေအထောက်အထားများကို အလုံအလောက်စုဆောင်းထားပြီးဖြစ်ကြောင်း၊
(န) အခြားတစ်ဖက်တွင်လည်း မိမိတို့အနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံထားပြီးဖြစ်ကြောင်း၊ ယင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏တာဝန်ခံမှုအပေါ် ထားရှိသည့် ကတိကဝတ်နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ပြန်လည်အသက်သွင်းပေးမည့် ဆုံးဖြတ်ချက်တို့ကို ပြသခြင်းဖြစ်ကြောင်း၊
(ပ) ကမ္ဘာလုံးဆိုင်ရာတရားစီရင်ခွင့်နှင့် ပတ်သက်၍ မိမိတို့၏ စုပေါင်းနားလည်မှုတွင် ကြန့်ကြာမှုများ သို့မဟုတ် မရေရာမှုများရှိနေခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက် ဥပဒေဟာကွက်များ ကိုသာ ဖန်တီးပေးရာရောက်ကြောင်း၊
(ဖ) ရာဇဝတ်မှုများအား လျစ်လျူရှု၍ အပြစ်ပေးအရေးယူခြင်းမရှိပါက ပြစ်မှုကျူးလွန်သူများအနေဖြင့် ပိုမိုရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လုပ်ဆောင်ရန် သာလွန်ရဲတင်းလာကြမည် သာဖြစ်ကြောင်း၊
(ဗ) ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာကို အဆုံးသတ်ရန်လိုအပ်ကြောင်း၊ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ယုံကြည်စိတ်ချရသော နိုင်ငံတကာ တရားစီရင်ရေးယန္တရားများမှ တဆင့်ထိရောက်စွာ အရေးယူရမည်ဖြစ်ကြောင်း၊
(ဘ) စစ်အုပ်စုသည်ကမ္ဘာကြီး၏ဥပဒေကြောင်းဆိုင်ရာတုံ့ဆိုင်းနှောင့်နှေးမှုအပေါ် အခွင့်ကောင်း ယူအမှီပြုနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဤကော်မတီအနေဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်ရန် တိုက်တွန်းလိုပါကြောင်း၊
(မ) မြန်မာပြည်သူလူထုတွင် ထပ်မံစောင့်ဆိုင်းရန် အချိန်မရှိတော့ပါကြောင်း၊ ၎င်းတို့သည် ၎င်းတို့ ရထိုက်သည့် တရားမျှတမှုအတွက် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင် ပိုင်ခွင့် အခြေခံမူများအပေါ် မျှော်လင့်အားကိုးနေကြကြောင်း၊
(ယ) မြန်မာပြည်သူများသည် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့်နည်းတူ တစ်ချိန်တည်းမှာပင် အကာအကွယ် ကင်းမဲ့နေကြောင်း၊ မိမိတို့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို လိုအပ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations, at the Sixth Committee of the Eighty-first Session of the UN General Assembly: General Debate on “The scope and application of the principle of universal jurisdiction”
(New York, 14 October 2026)
Madam Chair,
I thank the Secretary-General for his report on this agenda item.
Myanmar aligns itself with the statement of NAM.
The concept of universal jurisdiction is deeply rooted in the principles of international law and the very spirit of the Charter of the United Nations.
It is founded on the premise that certain crimes are so exceptionally grave that they shock the conscience of humanity. While interpretations of universal jurisdiction may vary among States, my delegation firmly believes that its responsible, good-faith application contributes to the broader fight against impunity.
Madam Chair,
Universal jurisdiction does not exist in a vacuum; it operates symbiotically with international law and domestic legal systems.
We consistently reaffirm that the primary responsibility to investigate and prosecute these crimes lies with the State where the offenses occurred.
We are of the view that universal jurisdiction is not designed to replace domestic courts. Rather, it acts as an indispensable safety net. Rather than undermining sovereignty, this principle reflects the shared responsibility of States to ensure that core international crimes do not go unpunished. It reinforces the collective commitment to justice, accountability, and the values that lie at the heart of the UN Charter.
While the moral imperative is clear, we acknowledge the practical challenges in its application, including differing domestic frameworks and the ongoing tension between global justice and state immunities.
It is precisely because of these challenges that the ongoing efforts of the Sixth Committee's Working Group are so critical.
We fully support the Working Group’s mandate to establish a common legal understanding, which will prevent misuse and ensure that the shield of state sovereignty is never twisted into a cloak of absolute impunity.
Madam Chair,
For the people of Myanmar, these theoretical debates are a matter of life and death.
The situation in my country vividly illustrates why universal jurisdiction was conceived, and why it must be operationalized.
In February 2021, the military staged an illegal coup, violently seizing power and overturning the democratic will of the people.
Since that day, the military junta has waged a campaign of terror against its own people, committing core international crimes.
First, the junta has committed, and continues to commit, Crimes against Humanity.
We have witnessed arbitrary detentions, widespread torture, the murder of peaceful civilians and massacres. These acts meet the strict legal threshold: they are part of a widespread and systematic attack directed specifically against the civilian population.
Second, the junta is perpetrating horrific War Crimes.
The military routinely turns its weapons upon civilians, launching indiscriminate airstrikes on villages and deliberately bombing schools and hospitals. These atrocities blatantly violate the Geneva Conventions by intentionally targeting protected non-combatants and civilian infrastructure.
Third, we cannot speak of universal jurisdiction without recalling the atrocities committed against the Rohingya.
Long before the 2021 coup, this very same military establishment orchestrated brutal clearance operations in Rakhine State and committed international crimes.
Accordingly, we strongly support the international judicial efforts to establish accountability for these outstanding crimes.
Madam. Chair,
When we speak of the complementary nature of universal jurisdiction, we must look at the current condition of Myanmar’s domestic judiciary.
Today, our legal system has been entirely controlled by the junta. It has been collapsed. This collapse of public confidence reflects a complete erosion of the rule of law and leaves victims isolated and voiceless in the face of ongoing atrocities.
In such circumstances, where domestic mechanisms are neither willing nor able to deliver justice, the international community bears a shared responsibility to act to save the lives of the people and their future. We believe that when the state apparatus is hijacked by criminals, the international legal framework must step in.
This is exactly why the people of Myanmar, out of a profound helplessness, have desperately invoked the Responsibility to Protect and asked the UN “how many more dead bodies does the UN need to help save lives in Myanmar”
Yet, the help remains elusive.
The military junta continues to act as if it knows the international community lacks the decisiveness to intervene.
We must prove them wrong.
In this regard, we view universal jurisdiction as a critical lifeline.
We are fully committed to international law.
We cooperate extensively with the UN Independent Investigative Mechanism for Myanmar (IIMM). Accordingly, IIMM has ample of evidences of the military junta’s atrocities against the people amounting to war crimes and crimes against humanity.
We have accepted the jurisdiction of the ICC, and this step reflects the National Unity Government’s unwavering commitment to accountability and its determination to restore justice and the rule of law for the people of Myanmar.
In conclusion, Madam Chair, delays or ambiguities in our collective understanding of universal jurisdiction only provide loopholes for perpetrators.
If crimes are left ignored and unpunished, perpetrators will only be emboldened to commit further atrocities. The culture of impunity must end, and those responsible for the gravest international crimes must be held to account through credible international judicial mechanisms.
The military junta relies on the world’s legal hesitation.
Therefore, we urge this Committee to move forward decisively.
The people of Myanmar cannot wait; they look to this body, and to the principle of universal jurisdiction, for their rightful demand for justice.
The people of Myanmar are resilient but vulnerable at the same time.
We need your support.
I thank you.
*****














