Statement by Ambassador Kyaw Moe Tun, at the High-Level Meeting of the General Assembly to commemorate and promote the International Day for the Total Elimination of Nuclear Weapons





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-Level Meeting of the General Assembly to commemorate and promote the International Day for the Total Elimination of Nuclear Weapons, held on 29 September 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နှင့်
မြှင့်တင်ရေးဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်အစည်းအဝေး၌
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့်
ပစ်ခတ်တိုက်ခိုက်မှုများ၊ မြေပြင်မှ အမြှောက်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများအား အသုံးချခြင်းတို့အပါအဝင် စစ်အုပ်စု၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကြောင့် မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ပျက်စီးခဲ့ရ၊
ယမန်နေ့ကပင် စစ်အုပ်စုအနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခုအပေါ်သို့
ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား (၄၉) ဦး သေဆုံးခဲ့ပြီး လူအမြောက်အမြား
ထိခိုက်ဒဏ်ရာများ ရရှိခဲ့၊
အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်းမရှိသည့်
စစ်အုပ်စုအား အရပ်သား သို့မဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို
အပြုသဘောဆောင်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဟု မည်သို့မျှ ယုံကြည်၍ မရနိုင်၊
အရပ်သားပြည်သူများအား သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်အုပ်စုနှင့် နျူးကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတို့အကြားတွင် အမည်ခံ နျူးကလီးယား ဓာတ်အားပေးစက်ရုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်အပေါ် မိမိတို့ အလွန့်အလွန် စိုးရိမ်ရ၊
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ပြန်လည်တည်ဆောက်၍ ဒီမိုကရေစီကို စစ်မှန်စွာ ပြန်လည်အသက်သွင်းနိုင်ပြီး စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိသည့်အခါမှသာလျှင် ငြိမ်းချမ်းသော အသုံးပြုမှုအတွက်ပင်ဖြစ်စေ နျူးကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာအကူအညီများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်လုပ်ဆောင်သင့်၊
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကယ်တင်နိုင်ရန် စစ်အုပ်စုလက်ထဲသို့ စစ်လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီနှင့်
စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ပံ့ပိုးမှုကို ဖြတ်တောက်ရပ်စဲပေးကြပါရန်
ဤနေရာမှ အလေးအနက်ထား တောင်းဆိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ်နှင့် မြှင့်တင်ရေးဆိုင်ရာအဆင့်မြင့်အစည်းအဝေး (High-Level Meeting of the General Assembly to commemorate and promote the International Day for the Total Elimination of Nuclear Weapons) ကို ၂၉-၉-၂၀၂၆ ရက် (အင်္ဂါနေ့)၊ (၁၀၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အဆင့်မြင့်အစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အထွေထွေညီလာခံ သဘာပတိတို့က အဖွင့်မိန့်ခွန်းများပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၉၀) ကျော်က မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) နျူးကလီးယားလက်နက်အသုံးစရိတ်များ မြင့်မားနေပြီး နျူးကလီးယား လုံခြုံမှုအတွက် အန္တရာယ်များ မြင့်မားနေကာ နျူးကလီးယား မျှဝေသုံးစွဲမှုနှင့် ပြန့်ပွားမှုတို့ တိုးချဲ့လာနေချိန်တွင် မိမိတို့ ယနေ့ စုဝေးတွေ့ဆုံရခြင်းဖြစ်ကြောင်း၊
(ခ) တစ်ချိန်တည်းမှာပင် နိုင်ငံတကာအဖွဲ့အစည်းအများနှင့် စုပေါင်းလုံခြုံရေးစနစ်တို့အပေါ် ယုံကြည်မှုကျဆင်းခြင်းကလည်း မြင့်တက်လာနေကြောင်း၊
(ဂ) ထို့ကြောင့် ကမ္ဘာပေါ်တွင် နျူးကလီးယားလက်နက်များကင်းစင်ပပျောက်ရေးရည်မှန်းချက်ပြည့်မီစေရေးအတွက် မိမိတို့၏လုပ်ဆောင်ချက်များကို ဆတိုးလုပ်ဆောင်ရန် ဤကဲ့သို့သော စိုးရိမ်ဖွယ်ရာ အခြေအနေများက လှုံ့ဆော်မှု ဖြစ်စေသင့်ကြောင်း၊
(ဃ) နျူးကလီးယားလက်နက်များကို ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ မတော်တဆဖြစ်စေ တစ်ကြိမ် အသုံးပြုခြင်းက ဆိုးရွားသော လူသားချင်းစာနာမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ ရှိစေနိုင်ကြောင်း၊
(င) သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နျူးကလီးယားလက်နက်များ အသုံးပြုခြင်း သို့မဟုတ် အသုံးပြုခြင်း၏ ခြိမ်းခြောက်မှုတို့အတွက် တစ်ခုတည်းသောအာမခံချက်မှာ ၎င်းတို့အား အလုံးစုံ ဖျက်သိမ်းခြင်းသာ ဖြစ်သည်ဟု ဆက်လက် အခိုင်အမာ ရပ်တည်ပါကြောင်း၊
(စ) ဤနေရာတွင် နျူးကလီးယား ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့အတွက် နျူးကလီးယား လက်နက်မပြန့်ပွားရေးစာချုပ်သည် အဓိကကျသော ကျောရိုးအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါစာချုပ်အား ပြန်လည်သုံးသပ်သည့် (၉)၊ (၁၀) နှင့် (၁၁) ကြိမ်မြောက် ကွန်းဖရင့်တို့၌ ရလဒ်စာတမ်းအား ထုတ်ပြန်ရန် ဆက်တိုက်ပျက်ကွက်ခဲ့ခြင်းက အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း၊ အဆိုပါလမ်းစဉ်အား ပုံမှန်အလေ့အထတစ်ခု မဖြစ်စေသင့်ကြောင်း၊ ထို့နည်းတူ နျူးကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အပေါ် ယုံကြည်မှုနှင့် ၎င်း၏သိက္ခာကိုလည်း ထိပါးနိုင်စေမည့်အန္တရာယ် မဖြစ်စေသင့်ကြောင်း၊
(ဆ) ထို့အတွက် ဘက်စုံနျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်အား တပြေးညီ လိုက်နာကျင့်သုံး စောင့်ထိန်းရေးက အလွန်အရေးကြီးသည်ဟု မိမိတို့ မှတ်ယူကြောင်း၊ အဆိုပါစာချုပ် လက်မှတ် မရေးထိုးကြရသေးသည့် အထူးသဖြင့် စာချုပ်၏နောက်ဆက်တွဲ အပိုင်း(၂)တွင် ပါဝင်သည့် အတည်ပြုလက်မှတ် မရေးထိုးရသေးသည့်နိုင်ငံများအနေဖြင့် အချိန်မလွန်မီ ပါဝင်အတည်ပြု လက်မှတ်ရေးထိုးကြပါရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ အဆိုပါစာချုပ်အားအသက်ဝင်မှု ရှိစေမည်ဖြစ်ကြောင်း၊
(ဇ) ထို့အတူ နျူကလီးယားလက်နက် တားမြစ်ပိတ်ပင်ရေးစာချုပ်သည်လည်း နျူးကလီးယား လက်နက်မပြန့်ပွားရေးစာချုပ်ကို အားဖြည့်ပေးပြီး နျူးကလီးယားဖျက်သိမ်းရေးအတွက် ပိုမိုခိုင်မာစေသည်ဟု ရှုမြင်ကြောင်း၊
(ဈ) New START Treaty သက်တမ်းကုန်ဆုံးပြီးနောက် ယင်းစာချုပ်၏အရိုက်အရာကို ဆက်ခံနိုင်မည့် စာချုပ်အသစ်တစ်ခုအတွက် အပြုသဘောရည်ရွယ်ချက်များဖြင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သင့်သည်ဟုလည်း အလေးထား ပြောကြားလိုကြောင်း၊
(ည) မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ နျူးကလီးယားလက်နက်များ အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ဘုံရည်မှန်းချက်အောင်မြင်စေရန် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်၌ ဘက်စုံ နျူကလီးယား စမ်းသပ်မှုပိတ်ပင်ရေးစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက် တားမြစ်ပိတ်ပင်ရေးစာချုပ်ကိုလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊
(ဋ) ကံဆိုးသည်မှာ နျူကလီးယားလက်နက် တားမြစ်ပိတ်ပင်ရေးစာချုပ်ကို အတည်ပြုလိုသော မိမိတို့၏အစီအစဉ်သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော တရားမဝင် စစ်အာဏာ သိမ်းမှုကြောင့် ပျက်စီးခဲ့ရကြောင်း၊
(ဌ) ထို့အပြင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ မြေပြင်မှ အမြှောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများအား အသုံးချခြင်းတို့အပါအဝင် စစ်အုပ်စု၏အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကြောင့် မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ ပျက်စီးခဲ့ရကြောင်း၊
(ဍ) ယမန်နေ့ကပင် စစ်အုပ်စုအနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မြို့စျေးတန်းတစ်ခု အပေါ်သို့ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား (၄၉) ဦး သေဆုံးခဲ့ပြီး လူအမြောက်အမြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊
(ဎ) အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို စိုးစဉ်းမျှ ငဲ့ညှာထောက်ထားခြင်း မရှိသည့် စစ်အုပ်စုအား အရပ်သား သို့မဟုတ် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အပြု သဘောဆောင်သော ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်မည်ဟု မည်သို့မျှ ယုံကြည်၍ မရနိုင်ကြောင်း၊
(ဏ) ထို့ကြောင့် မိမိတို့နိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအား သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်အုပ်စုနှင့် နျူးကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတို့အကြားတွင် အမည်ခံ နျူးကလီးယား ဓာတ်အားပေးစက်ရုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများရှိနေသည့်အပေါ် မိမိတို့အလွန့်အလွန် စိုးရိမ်ရပါကြောင်း၊
(တ) မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ပြန်လည်တည်ဆောက်၍ ဒီမိုကရေစီကို စစ်မှန်စွာ ပြန်လည်အသက်သွင်းနိုင်ပြီး စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်တွင်ရှိသည့်အခါမှသာ လျှင် ငြိမ်းချမ်းသောအသုံးပြုမှုအတွက်ပင်ဖြစ်စေ နျူးကလီးယားစွမ်းအင်ဆိုင်ရာ နိုင်ငံတကာ အကူအညီများ သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည် လုပ်ဆောင်သင့်ပါကြောင်း၊
(ထ) သို့ဖြစ်ပါ၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့အား ကယ်တင်နိုင်ရန် စစ်အုပ်စုလက်ထဲသို့ စစ်လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီနှင့် စစ်ဘက်၊ အရပ်ဘက်နှစ်မျိုးသုံး ပစ္စည်းများပံ့ပိုးမှုကို ဖြတ်တောက်ရပ်ဆဲပေးကြပါရန် ဤနေရာမှ အလေးအနက်ထား တောင်းဆိုကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the High-Level Meeting of the General Assembly to commemorate and promote the International Day for the Total Elimination of Nuclear Weapons
(New York, 29 September 2026)
Mr. President,
I wish to begin by thanking you for convening this high-level meeting.
I also thank the Secretary-General for his remark.
Myanmar aligns itself with the statement of NAM.
Mr. President,
We are gathering today against the backdrop of increased nuclear-weapons spending, heightened risks to nuclear safety, expanded nuclear sharing and proliferation.
At the same time, the trust deficit in multilateral institutions and collective security architecture is rising.
These concerning developments should seriously galvanize all of us into redoubling our efforts in achieving a world without nuclear weapons.
A single use of nuclear weapons, whether by design or accident, will have catastrophic humanitarian and environmental consequences. Myanmar, therefore, reaffirms our position that the only guarantee against the use or threat of use of nuclear weapons is their total elimination.
Mr. President,
NPT remains the cornerstone of nuclear disarmament and non-proliferation. The consecutive failure to adopt an outcome document at the Ninth, Tenth and the recent Eleventh Review Conference is deeply alarming. We cannot allow this trend to become “the status quo” and risk undermining the credibility and integrity of the NPT.
Myanmar attaches great importance to the universal adherence to the CTBT and calls upon all states that have not ratified the CTBT, especially the remaining Annex II states, to do so without delay for its entry into force.
We are of the view that the TPNW complements NPT and strengthens the nuclear disarmament regime.
After the expiration of the New START Treaty, Myanmar underscores the need to pursue good-faith negotiations for a successor agreement.
Mr. President,
Under the elected civilian government, Myanmar ratified the CTBT and signed the TPNW to advance our shared goal of the total elimination of nuclear weapons.
Unfortunately, our subsequent plan to ratify the TPNW was disrupted by the 2021 military coup.
In the same vein, peace and stability in our country was also disrupted following the escalation of violence by the military junta, including aerial attacks, shelling, artillery attacks and weaponization of dual-use items against civilians.
Just the other day, the military junta carried out a deadly airstrike on a local market in Kyauktaw, Rakhine State, killing at least 49 people including women and children and injuring many more.
The military junta that disregards innocent lives of civilians cannot be trusted to pursue civilian or peaceful aspects of dual-use items in good faith.
In this context, we are seriously concerned with the ongoing collaboration between the military junta and a major NWS on their so-called nuclear power plant.
Any international assistance or cooperation in nuclear power even under peaceful use should only resume in Myanmar when peace and stability are rebuilt, democracy is genuinely restored, and the military is under civilian oversight.
Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel and dual-use items to the military junta to save the lives of the people of Myanmar.
I thank you.
*****











