Statement by Ambassador Kyaw Moe Tun, at the General Exchange of Views of the 2026 Substantive Session of the United Nations Disarmament Commission
- Myanmar Mission To UN

- 13 minutes ago
- 6 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Exchange of Views of the 2026 Substantive Session of the United Nations Disarmament Commission, held on 9 April 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင် ၂၀၂၆ ခုနှစ် အစည်းအဝေး၏ ဘာသာရပ်ဆိုင်ရာ အထွေထွေ အမြင်ဖလှယ် ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က နျူကလီးယားလက်နက်ကို မတော်တဆဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖြစ်စေ တစ်ကြိမ်တစ်ခါ အသုံးပြုရုံမျှနှင့်ပင် လူသားချင်းစာနာမှုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်၊
နျူကလီးယားလက်နက်အသုံးပြုခြင်း သို့မဟုတ် အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းကို တားဆီးနိုင်မည့်တစ်ခုတည်းသောအာမခံချက်မှာ နျူကလီးယား လက်နက်များကို လုံးဝဖျက်သိမ်းခြင်းသာဖြစ်၊
ဉာဏ်ရည်တုနည်းပညာအပါအဝင်နည်းပညာသစ်များသည် အသွားနှစ်ဖက်ပါသည့်ဓါးသဖွယ်ဖြစ်ပြီးအခွင့်အလမ်းကြီးမားသကဲ့သို့ တစ်ဖက်တွင်လည်း ရှုပ်ထွေးသည့်စိန်ခေါ်မှုများရှိနေသည်ဟုရှုမြင်၊
အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများကို အလွဲသုံးစားပြုခြင်းအပေါ် မြန်မာနိုင်ငံက စိုးရိမ်ပူပန်၊ အဆိုပါပစ္စည်းများနှင့် နည်းပညာများကို အသုံးချ၍ အရပ်သားပြည်သူများအပေါ် ထိခိုက်နစ်နာစေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်နိုင်ရန်အလို့ငှာ အစွမ်းထက်သော လက်နက်ကိရိယာများအဖြစ် လွယ်ကူစွာ လမ်းလွှဲအသုံးပြုနိုင်၊
တရားမဝင် အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းဖက် စစ်အုပ်စုသည် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုကာ လူထုအပေါ် စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်းမှားများဖြန့်ချိရေးနှင့် လိမ်ညာဝါဒဖြန့်ချိရေးတို့ အတွက်လည်းကောင်း၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ဒစ်ဂျစ်တယ်အာဏာရှင်စနစ် တည်ဆောက်ရေးအတွက်လည်းကောင်း၊ ပါရာမော်တာများနှင့် ဂျက်လောင်စာဆီကို အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရေးအတွက်လည်းကောင်း လက်နက်သဖွယ် အသွင်ပြောင်း အသုံးချလျက်ရှိ၊
မကြာသေးမီက သတင်းများအရ မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ပွဲစားသည် လျှပ်စစ်မော်တာ များကို ဝယ်ယူပြီး အရှေ့အလယ်ပိုင်းဒေသတွင် မောင်းသူမဲ့လေယာဉ်များ (UAVs) အဖြစ် ပြန်လည်အသုံးချနိုင်ရန် နည်းပညာကို လမ်းလွှဲအသုံးပြုခဲ့သည်ကို တွေ့ရှိရ၊
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းမှန်သမျှကို ၎င်းတို့၏ ကျယ်ပြန့်သော အကြမ်းဖက်လုပ်ရပ်များနှင့် အရပ်သားများပြည်သူများကို စနစ်တကျ ဖိနှိပ်ချုပ်ချယ်ရေးလုပ်ငန်းများအတွက် လမ်းလွှဲသုံးစွဲခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လက်နက်အဖြစ် ပြောင်းလဲအသုံးချခြင်းများပြုလုပ်မည်ဖြစ်ကြောင်းမှာ ထင်ရှားလှ၊
နျူကလီးယားစွမ်းအင် အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့်ပူးပေါင်း ပံ့ပိုး ဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိမှသာလျှင် မြန်မာနိုင်ငံအား ပေးအပ်သင့်၊
အကြမ်းဖက်စစ်အုပ်စုထံသို့ လက်နက်များ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများ ရောက်ရှိနေမှုများကို ဖြတ်တောက်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးအား အလေးအနက် တိုက်တွန်းပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးနိုင်ပြီး မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်)
၁။ ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင် ၂၀၂၆ ခုနှစ် အစည်းအဝေးအား ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ မှ ၂၄ ရက်နေ့အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါ အစည်းအဝေးကာလအတွင်း ပြုလုပ်နေသည့် အထွေထွေအမြင်ဖလှယ်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၆၀ ကျော် မှ ကိုယ်စားလှယ်များ ပါဝင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၉-၄-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်း ကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါ အချက်များ အဓိကပါဝင်ပါသည်-
(က) ကမ္ဘာတစ်ဝှမ်း မတည်ငြိမ်မှုများ ပိုမိုကြီးထွားလာခြင်း၊ နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် ယုံကြည်မှုလျော့နည်းလာခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ တိုးပွားလာခြင်းနှင့် အကြမ်းဖက်ရန် လှုံ့ဆော်သည့် စကားရပ်များ ပြင်းထန်လာခြင်းတို့သည် စုပေါင်းလုံခြုံရေးဗိသုကာ၏ အရေးပါမှုကို အားနည်းလာစေလျက်ရှိပါကြောင်း၊ အဆိုပါအခြေအနေတွင် ကုလသမဂ္ဂ လက်နက် ဖျက်သိမ်းရေး ကော်မရှင်၏ ယခုအစည်းအဝေးသည် နိုင်ငံတကာလက်နက်ဖျက်သိမ်းရေးအစီအစဉ်အပေါ် နိုင်ငံများ ၏ ခိုင်မာသောကတိကဝတ်ကို ပြန်လည်အသက်သွင်းရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါကြောင်း၊
(ခ) နျူကလီးယားလက်နက်ကို မတော်တဆဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖြင့်ဖြစ်စေ တစ်ကြိမ်တစ်ခါ အသုံးပြုရုံမျှနှင့်ပင် လူသားချင်းစာနာမှုနှင့် သဘာဝပတ်ဝန်းကျင် အပေါ် ဆိုးရွား ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နျူကလီးယားလက်နက် အသုံးပြုခြင်း သို့မဟုတ် အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းကို တားဆီးနိုင်မည့် တစ်ခုတည်းသော အာမခံချက်မှာ နျူကလီးယား လက်နက်များကို လုံးဝဖျက်သိမ်းခြင်းသာ ဖြစ်သည်ဆိုသည့် မြန်မာ နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း၊
(ဂ) မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) သည် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေဆဲ ဖြစ်သည် ဟု ယုံကြည်ပါကြောင်း၊ ပြီးခဲ့သော ပြန်လည်သုံးသပ်ရေးညီလာခံများတွင် ကြေညာချက်ရလဒ် စာတမ်းကို ဆက်တိုက်အတည်ပြုနိုင်ခြင်း မရှိခဲ့မှုများသည် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ်၏ ယုံကြည်စိတ်ချရမှုနှင့် ထိရောက်မှုတို့အပေါ် ကြီးလေးသော စိန်ခေါ်မှုများဖြစ်ပေါ်စေ ပါကြောင်း၊ အဆိုပါအခြေအနေ၌ မကြာမီပြုလုပ်မည့် ၂၀၂၆ ခုနှစ် သုံးသပ်ရေးညီလာခံ၌ အကျိုးရှိ သော ရလဒ်ထွက်ပေါ်လာစေရန်အတွက် ရှိသမျှနည်းလမ်းအားလုံးကို အသုံးချရန်လိုအပ်ပါကြောင်း၊
(ဃ) နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအား နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် တွင် ပါဝင်သည့်သက်ဆိုင်ရာအချက်များကို လိုက်နာဆောင်ရွက်ရန်၊ အထူးသဖြင့် New START စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အပြန်အလှန် စစ်ဆေးအတည်ပြုနိုင်သော သဘောတူညီချက် အသစ်တစ်ရပ်အပေါ် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းအပ်ပါကြောင်း၊
(င) နျူကလီးယားစမ်းသပ်မှုဘက်စုံတားမြစ်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty- CTBT) ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပါဝင်လာရေးအပေါ် မြန်မာနိုင်ငံက အလေးအနက်ထား ပါကြောင်း၊ အတည်ပြုလက်မှတ်ရေးထိုးခြင်း မပြုရသေးသည့်နိုင်ငံအားလုံး၊ အထူးသဖြင့် လက်မှတ် ရေးထိုးမပြုရသေးသည့် Annex II ပါ နိုင်ငံများအား စာချုပ်အာဏာသက်ဝင်စေရန် အလို့ငှာ နောက်ထပ် နှောင့်နှေးခြင်းမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုးကြရန် တိုက်တွန်းအပ်ပါကြောင်း၊
(စ) နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် (TPNW) သည် လက်ရှိ ရှိပြီးဖြစ်သော နျူကလီးယားလက်နက်ဖျက်သိမ်းရေးယန္တရားများကို ဖြည့်စွက်ပံ့ပိုးကာ နျူကလီးယားလက်နက် များ အလုံးစုံဖျက်သိမ်းရေးဟူသောပန်းတိုင်ကို အရှိန်မြှင့်တင်ပေးနိုင်သည်ဟု ယူဆပါကြောင်း၊ ယခု နှစ်အတွင်း ကျင်းပမည့် ပထမအကြိမ် သုံးသပ်ရေးညီလာခံသည် အဆိုပါစာချုပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေးအတွက် လက်တွေ့ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံက ရှုမြင် ပါကြောင်း၊
(ဆ) အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းစင်ဇုန် စာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အားဖြည့်ရန် ဒေသ ဆိုင်ရာ ချဉ်းကပ်နည်းတစ်ရပ်အဖြစ် နျူကလီးယားလက်နက်ကင်းစင်ဇုန်များ တည်ထောင်ရေးကို မြန်မာနိုင်ငံက ထောက်ခံပါကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်များ အတွက်သာ အသုံးပြုခွင့်ရှိသော မရုပ်သိမ်းနိုင်သည့် အခွင့်အရေးကို မြန်မာနိုင်ငံက ထပ်လောင်း အတည်ပြုပြီး နျူကလီးယားစွမ်းအင် (သို့မဟုတ်) နည်းပညာကို အလွဲသုံးစားပြုလုပ်ခြင်းမှ ကာကွယ် စောင့်ကြည့်ရေးတွင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ မရှိမဖြစ်သော အခန်းကဏ္ဍ ကိုလည်း အလေးအနက်ပြုပါကြောင်း၊
(ဇ) နည်းပညာသစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်းကို မြန်မာနိုင်ငံက အသိအမှတ်ပြုပြီး နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အခြေအနေနှင့် ယှဉ်တွဲ၍ ယင်းနည်းပညာများအပေါ် ဘုံနားလည်မှုတစ်ရပ် တည်ဆောက်နိုင်ရန် အပြုသဘောဆောင်သည့် အမြင်ဖလှယ်မှုများကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို အလေးပေးဖော်ပြလိုပါကြောင်း၊ ဉာဏ်ရည်တု နည်းပညာအပါအဝင် နည်းပညာသစ်များသည် အသွားနှစ်ဖက်ပါသည့် ဓါးသဖွယ်ဖြစ်ပြီး အခွင့်အလမ်း ကြီးမားသကဲ့သို့ တစ်ဖက်တွင်လည်း ရှုပ်ထွေးသည့် စိန်ခေါ်မှုများရှိနေသည်ဟု ရှုမြင်ပါကြောင်း၊
(ဈ) မြန်မာနိုင်ငံ၏ အတွေ့အကြုံအရ ယင်းစိန်ခေါ်မှုအချို့သည် အကြမ်းဖက်သမားများ၊ နိုင်ငံဖြတ်ကျော် မှုခင်းကွန်ရက်များနှင့် အာဏာရှင်များကဲ့သို့ မသမာသောသူများက အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံး အသုံးပြုနိုင်သည့်နည်းပညာများကို လမ်းလွှဲအသုံးပြုခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လက်နက်သဖွယ် ပြောင်းလဲအသုံးချခြင်းတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပညာသစ်များကို မည်သည့်နယ်ပယ်တွင်မဆို အသုံးချရာ၌ နိုင်ငံတကာ လူသားချင်းစာနာ မှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအပါအဝင် နိုင်ငံတကာ ဥပဒေများကို တိကျစွာ လိုက်နာခြင်း၏ အရေးပါမှုကို မြန်မာနိုင်ငံက အထူးအလေးပေး ပြောကြားလိုပါကြောင်း၊
(ည) အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများကို အလွဲသုံးစား ပြုခြင်းအပေါ် မြန်မာနိုင်ငံက စိုးရိမ်ပူပန်လျက်ရှိပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါပစ္စည်း များနှင့် နည်းပညာများကို အသုံးချ၍ အရပ်သားပြည်သူများအပေါ် ထိခိုက်နစ်နာစေရန်နှင့် လူ့အခွင့် အရေး ချိုးဖောက်မှုများကျူးလွန်နိုင်ရန်အလို့ငှာ အစွမ်းထက်သော လက်နက်ကိရိယာများအဖြစ် လွယ်ကူစွာ လမ်းလွှဲအသုံးပြုနိုင်သောကြောင့် ဖြစ်ပါကြောင်း၊
(ဋ) လက်ရှိမြေပြင်၌ ထိုသို့သော အလွဲသုံးစားပြုမှုများကို မြန်မာပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ ခံစားနေရလျက်ရှိပါကြောင်း၊ တရားမဝင် အာဏာသိမ်းပြီးချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုကာ လူထုအပေါ် စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်းမှားများ ဖြန့်ချိရေးနှင့် လိမ်ညာဝါဒဖြန့်ချိရေးတို့အတွက်လည်းကောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ဒစ်ဂျစ်တယ်အာဏာရှင်စနစ် တည်ဆောက်ရေးအတွက် လည်း ကောင်း၊ ပါရာမော်တာများနှင့် ဂျက်လောင်စာဆီကို အရပ်သားများအပေါ် ခွဲခြားမှုမရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရေးအတွက်လည်းကောင်း လက်နက်သဖွယ် အသွင်ပြောင်း အသုံးချလျက်ရှိပါကြောင်း၊
(ဌ) အကြမ်းဖက် စစ်အုပ်စု၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၈,၀၀၀) နီးပါး အသက် ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါကြောင်း၊ လူပေါင်း (၃.၆) သန်းကျော် အိုးအိမ် စွန့်ခွာနေထိုင်ရလျက်ရှိကြောင်း၊ လူပေါင်း (၂၂) သန်း နီးပါးသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်လျက်ရှိ ကြောင်း၊
(ဍ) မကြာသေးမီက သတင်းများအရ မြန်မာနိုင်ငံရှိ အကြမ်းဖက် စစ်အုပ်စု၏ လက်နက်ပွဲစားသည် လျှပ်စစ်မော်တာများကိုဝယ်ယူပြီး အရှေ့အလယ်ပိုင်းဒေသတွင် မောင်းသူမဲ့လေယာဉ်များ (UAVs) အဖြစ် ပြန်လည်အသုံးချနိုင်ရန် နည်းပညာကို လမ်းလွှဲအသုံးပြုခဲ့သည်ကို တွေ့ရှိရ ပါကြောင်း၊
(ဎ) အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းမှန်သမျှကို ၎င်းတို့၏ ကျယ်ပြန့်သော အကြမ်းဖက်လုပ်ရပ်များနှင့် အရပ်သားများပြည်သူများကို စနစ်တကျ ဖိနှိပ်ချုပ်ချယ်ရေးလုပ်ငန်းများအတွက် လမ်းလွှဲသုံးစွဲခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လက်နက်အဖြစ် ပြောင်းလဲအသုံးချခြင်းများ ပြုလုပ်မည်မှာ ထင်ရှားလှ ပါကြောင်း၊
(ဏ) ယင်းအခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသည့် နျူကလီးယားစွမ်းအင် အစီအစဉ်နှင့် အနာဂတ်တွင် အဆိုပါအစီအစဉ်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ စစ်ရေး အသုံးချမှုအတွက် အလွဲသုံးစားပြုနိုင်ခြေရှိသည့်အခြေအနေအပေါ် မြန်မာပြည်သူများက အလွန်အမင်း စိုးရိမ်ပူပန်ပါကြောင်း၊ နျူကလီးယားစွမ်းအင် အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့်ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုမဆို စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိမှသာလျှင် မြန်မာနိုင်ငံအား ပေးအပ်သင့်ပါကြောင်း၊
(တ) ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုထံသို့ လက်နက်များ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများ ရောက်ရှိနေမှုများကို ဖြတ်တောက်ရန် အဖွဲ့ဝင်နိုင်ငံအားလုံးအား အလေးအနက် တိုက်တွန်းပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးနိုင်ပြီး မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင် မည် ဖြစ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြ အပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the General Exchange of Views of the 2026 Substantive Session of the
United Nations Disarmament Commission
(New York, 9 April 2026)
Mr. Vice-Chair,
I wish to begin by congratulating you and other members of the bureau on your election. I also wish to commend you on your able leadership in guiding us through the organizational session and convening of this substantive session.
Myanmar aligns itself with the statements of NAM and ASEAN.
Mr. Chair,
Growing global turbulence, erosion of trust in multilateralism, increasing armed conflict and inflammatory rhetoric are undermining our collective security architecture. In this context, the substantive session of the UNDC offers an opportunity to revitalize our commitment to the disarmament agenda.
We must all redouble our efforts to foster dialogue, build trust, and leverage the momentum in the final year of the current cycle for its successful conclusion.
Mr. Chair,
A single use of nuclear weapons, whether accidental, inadvertent or intentional, will bring catastrophic humanitarian and environmental consequences. Therefore, Myanmar reaffirms our position that the only guarantee against the use or threat of use of nuclear weapons is their total elimination.
Myanmar believes that NPT remains the cornerstone of nuclear disarmament and non-proliferation. Following the consecutive failures to adopt an outcome document at the past Review Conferences, the credibility and effectiveness of the NPT are seriously at stake. Against this backdrop, we must utilize all available tools at our disposal to achieve a fruitful outcome at the upcoming 2026 Review Conference.
We call upon NWS to fulfill their obligations under the NPT, including the negotiation of a new verifiable agreement after the expiration of the New START Treaty.
Myanmar attaches great importance to the universal adherence to the CTBT and calls upon all states that have not ratified it, especially the remaining Annex II states, to do so without further delay for its entry into force.
We are of the view that TPNW complements other existing nuclear disarmament instruments and contributes to advancing our shared goal of the total elimination of nuclear weapons. Myanmar looks forward to its first Review Conference later this year as a concrete step towards its full implementation.
As a state party to the Southeast Asia Nuclear-Weapons-Free Zone, Myanmar supports the establishment of NWFZs as a regional approach to strengthen global norms against nuclear weapons.
Myanmar reaffirms the inalienable rights to nuclear energy for exclusively peaceful purposes and the indispensable role of the IAEA in safeguarding any misuse of nuclear energy or technology.
Mr. Chair,
Myanmar recognizes deliberations on emerging technologies and underscores the need to continue our constructive exchange of views to develop a common understanding on them in the context of international security.
We are of the view that emerging technologies, including artificial intelligence, are a double-edge sword – it brings enormous opportunities as well as complex challenges.
Based on our experience, some of these challenges arise from the diversion, misuse and weaponization of dual-use technologies by malicious actors, including terrorists, transnational crime syndicates and dictators.
Therefore, Myanmar emphasizes the paramount importance of strict compliance with international law, including international humanitarian law and international human rights law in applying emerging technologies in any domain.
Mr. Chair,
Myanmar remains concerned over the misuse of dual-use items and technologies since they can be easily diverted into powerful tools to inflict civilian sufferings and human rights violations.
In fact, the people of Myanmar are witnessing flagrant examples of such misuse by the military junta.
Since the illegal coup, the military junta has weaponized AI for mass surveillance, misinformation and disinformation; ICTs for digital dictatorship; paramotors and jet fuel for indiscriminate aerial bombardments.
Nearly 8,000 people have been killed by the military junta. Over 3.6 million people are being displaced. Almost 22 million people are in need of humanitarian assistance.
It is recently reported that the military junta’s arms broker in Myanmar had procured electric motors to divert them into UAVs in the Middle East.
It is crystal clear that the military junta and its affiliated entities will divert, misuse and weaponize any dual-use item for their widespread terror campaigns and systematic subjugation of civilians.
Against this backdrop, we are gravely concerned with the military junta’s so-called nuclear power plan and their potential misuse for non-peaceful purposes, including its military application. Any cooperation from the international community, including a nuclear energy programme, should be extended to Myanmar only when the military dictatorship is eradicated, democracy is restored, and military is under civilian oversight.
Taking this opportunity, I seriously urge all Member States to cut the flow of arms, weapons, jet fuel, dual-use items and technologies to the military junta to prevent further atrocities and save the lives of the people of Myanmar.
I thank you.
*****













