top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the General Discussion of the 70th Session of the Commission on the Status of Women

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 1 minute ago
  • 6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the 70th Session of the Commission on the Status of Women in 17 March 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၀)ကြိမ်မြောက် Commission on the Status of Women အစည်းအဝေး၊ အထွေထွေဆွေးနွေးမှု ကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

မြန်မာပြည်သူများအတွက် တရားမျှတမှုသည် အတွေးအခေါ်သက်သက်မျှသာ မဟုတ်၊ တရားမျှတမှုဟူသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ လုပ်ပိုင်ခွင့် ပိုမိုရရှိရေးတို့အတွက် မရှိမဖြစ်သော လိုအပ်ချက်ဖြစ်၊

မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူများအပေါ်တွင် စနစ်တကျ ကျရောက်သည့်

မတရားမှုများက ယခင်က မတွေ့ကြုံခဲ့ဖူးသော အခြေအနေအထိ မြင့်တက်လာခဲ့ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် အချိုးမညီမျှစွာ ကျရောက်လျက်ရှိ၊

စစ်အုပ်စုမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်၊

စစ်အုပ်စုအနေဖြင့် တရားဥပဒေစိုးမိုးရေးအားပျက်သုဉ်းစေခဲ့ပြီး နေ့စဉ်နှင့်အမျှမတရားသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ မဆင်မခြင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းစသည်တို့ဖြင့် အစားထိုးကာ ယခုဆိုလျှင် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာအရပ်ဒေသဖြစ်လာခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပင် တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိ၊

ပြည်တွင်းဥပဒေစနစ်သည်လည်း စစ်အုပ်စုမှ ဖိနှိပ်ချုပ်ချယ်မှုများ လုပ်ဆောင်ရာတွင် အသုံးချသည့် ကိရိယာ တစ်ခုအဖြစ်သာ တည်ရှိ၊ နစ်နာသူများအနေဖြင့် တရားမျှတမှု ရရှိရေး ငြင်းပယ်ခံနေရပြီး ပြည်သူ့အကျိုးကို ဆန့်ကျင်၍ ၎င်းတို့အကျိုးကိုသာ ဦးတည်ဆောင်ရွက်သည့် စစ်အုပ်စု၏ အထိန်းချုပ်ခံ သားပိုက်ကောင် တရားရုံးများသာ ကျန်ရှိတော့၊

တော်လှန်ရေးတွင် ရဲစွမ်းသတ္တိနှင့်ပြည့်ဝသော အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများနှင့် ဒေသခံ တက်ကြွလှုပ်ရှားသူများက ရှေ့တန်းမှ ဆက်လက်ပါဝင် တိုက်ပွဲဝင်လျက်ရှိ၊

လွတ်မြောက်နယ်မြေများတွင်လည်း ဒေသခံ တော်လှန်ရေး တာဝန်ရှိသူများများ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက အသိုက်အဝန်းအခြေပြုအုပ်ချုပ်မှုများကို တည်ထောင်ကာ အရေးပါသော ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် အထိခိုက်လွယ်ဆုံး အုပ်စုများအတွက် အခြားသော တရားစီရင်ရေးယန္တရားများ ရရှိနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိ၊

မြန်မာနိုင်ငံ အကျပ်အတည်း၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်၊ ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲများသည် ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများအား ဖုံးလွှမ်းရန်နှင့် တရားစီရင်မှုတို့မှ ရှောင်တိမ်းရန်အတွက် အပေါ်ယံ လုပ်ကွက်များသာဖြစ်၊

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့ ပြည်သူများမှ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အပြည့်အဝ ထောက်ခံပေးကြပါရန် တောင်းဆိုလို၊

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာမှသာလျှင် ရှေရှည်တည်တံ့ ခိုင်မာသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ ထွက်ပေါ်လာနိုင်မည်ဖြစ်၊ သို့မှသာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား တန်းတူညီမျှသော တရားမျှတမှုကို ခံစားရစေနိုင်မည်ဖြစ်ကာ နိုင်ငံရေး လုပ်ငန်းစဉ်များတွင်လည်း အပြည့်အဝပါဝင်ခွင့် ရရှိကာ ၎င်းတို့၏ အခြေခံအခွင့်အရေးများကို

မချွင်းမချန် ခံစားခွင့် ရရှိနိုင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်)


၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၇၀) ကြိမ်မြောက် Commission on the Status of Women (CSW) အစည်းအဝေးကာလအတွင်း ၁၇-၃-၂၀၂၆ ရက်နေ့၌ ကျင်းပသည့် အထွေထွေဆွေးနွေးမှု အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က) ကော်မရှင် ဖွဲ့စည်းတည်ဆောက်မှု နှစ် (၇၀) ပြည့်၊ ပေကျင်း ကြေညာချက် ထုတ်ပြန်မှု နှစ် (၃၀) ပြည့်နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ် အတည်ပြုမှု ဆယ်စုနှစ် (၂) ခုကျော် ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေ လိုက်နာကျင့်သုံးမှု ကျဆင်းလာခြင်း နှင့် လိင်အကြမ်း ဖက်မှုအား လက်နက်သဖွယ် အသုံးပြုမှု မြင့်တက်လာခြင်းတို့ကို တွေ့မြင်နေရ ကြောင်း၊

(ခ) သို့ဖြစ်ရာ ယခုနှစ် ကော်မရှင်၏ ဦးစားပေး ဆွေးနွေးမည့်ခေါင်းစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊

(ဂ) အထူးသဖြင့် မိမိတို့ မြန်မာပြည်သူများအတွက် တရားမျှတမှုသည် အတွေးအခေါ်သက်သက်မျှသာ မဟုတ်ပါကြောင်း၊ တရားမျှတမှုဟူသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ လုပ်ပိုင်ခွင့် ပိုမို ရရှိရေးတို့အတွက် မရှိမဖြစ်သော လိုအပ်ချက်ဖြစ်ကြောင်း၊

(ဃ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူများအပေါ်တွင် စနစ်တကျ ကျရောက်သည့် မတရားမှုများက ယခင်က မတွေ့ကြုံခဲ့ ဖူးသော အခြေအနေအထိ မြင့်တက်လာခဲ့ပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် အချိုးမညီမျှစွာ ကျရောက်လျက်ရှိကြောင်း၊

(င) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအရ စစ်အုပ်စုမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း၊

(စ) ယနေ့အချိန်အထိ ၃.၆ သန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ၁၀.၄ သန်းသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် ၂၂ သန်းခန့်မှာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ စီးပွားရေး ပြိုလဲကျဆင်းမှုနှင့် စစ်အုပ်စု ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ကြောင့် လူဦးရေ၏ ထက်ဝက်ကျော်မှာလည်း ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ကျရောက်နေကြောင်း၊

(ဆ) စစ်အုပ်စုအနေဖြင့် တရားဥပဒေစိုးမိုးရေးအား ပျက်သုဉ်းစေခဲ့ပြီး နေ့စဉ်နှင့်အမျှ မတရား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ မဆင်မခြင် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း စသည်တို့ဖြင့် အစားထိုးကာ ယခုဆိုလျှင် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာအရပ်ဒေသ ဖြစ်လာခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပင် တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိကြောင်း၊

(ဇ) ထို့ပြင် ပြည်တွင်းဥပဒေစနစ်သည်လည်း စစ်အုပ်စုမှ ဖိနှိပ်ချုပ်ချယ်မှုများ လုပ်ဆောင်ရာတွင် အသုံးချသည့် ကိရိယာတစ်ခုအဖြစ်သာ တည်ရှိကြောင်း၊ နစ်နာသူများအနေဖြင့် တရားမျှတမှု ရရှိရေး ငြင်းပယ်ခံနေရပြီး ပြည်သူ့အကျိုးကို ဆန့်ကျင်၍ ၎င်းတို့အကျိုးကိုသာ ဦးတည်ဆောင်ရွက်သည့် စစ်အုပ်စု ၏ အထိန်းချုပ်ခံ သားပိုက်ကောင် တရားရုံးများသာ ကျန်ရှိတော့ကြောင်း၊ တစ်ပြိုင်တည်းမှာပင် စစ်အုပ်စုက လိင်ပိုင်းနှင့် ကျားမအခြေပြုအကြမ်းဖက်မှုတို့ကို စစ်လက်နက်တစ်ခုအဖြစ် စနစ်တကျ တွက်ချက်ရည်ရွယ်ချက်ထားကာ အသုံးချလျက်ရှိကြောင်း၊

(ဈ) စစ်အုပ်စု၏ လုပ်ဆောင်ချက်မှာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၃၂၅ ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းမည်ကြောင်း၊ ၎င်းတို့အနေဖြင့် တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများအား တိုက်ရိုက်သဘောဖြင့် လက်တုံ့ပြန်နေ ခြင်းဖြစ်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် အမျိုးသားများ၊ ယောက်ျားလေးများနှင့် LGBTQI+ တစ်ဦးတစ်ယောက်ချင်းအပေါ်၌လည်း ကြီးလေးသော ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေကြောင်း၊

(ည) သို့သော်လည်း မြန်မာအမျိုးသမီးများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုက သာမာန်မျှ မဟုတ်ဘဲ ထူးခြား ပြောင်မြောက်ကြပါကြောင်း၊

(ဋ) မိမိတို့၏ တော်လှန်ရေးတွင် ရဲစွမ်းသတ္တိနှင့်ပြည့်ဝသော အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများနှင့် ဒေသခံ တက်ကြွလှုပ်ရှားသူများက ရှေ့တန်းမှ ဆက်လက်ပါဝင် တိုက်ပွဲဝင်လျက်ရှိ ကြောင်း၊ ဤနည်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတွင် အမျိုးသမီးများ၏ ပြည့်ဝသော၊ တန်းတူညီမျှသော၊ အဓိပ္ပါယ်ပြည့်ဝသော ပါဝင်မှုကို ရှင်းလင်းစွာ ပြသလျက်ရှိကြောင်း၊

(ဌ) လွတ်မြောက်နယ်မြေများတွင်လည်း ဒေသခံ တော်လှန်ရေး တာဝန်ရှိသူများများ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက အသိုက်အဝန်း အခြေပြုအုပ်ချုပ်မှုများကို တည်ထောင်ကာ အရေးပါသော ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့် အထိခိုက်လွယ်ဆုံး အုပ်စုများအတွက် အခြားသော တရားစီရင်ရေးယန္တရားများ ရရှိနိုင်ရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း၊

(ဍ) မြန်မာအမျိုးသမီးအရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ယခုတစ်ကြိမ် ကော်မရှင် အစည်းအဝေးတွင် ပါဝင်ကာ နစ်နာသူများ အပါအဝင် နယ်ပယ်အဆင့်ဆင့်၌ရှိသော အမျိုးသမီးများ၏ အသံကို ကိုယ်စား ထုတ်လွှင့်ပေးနိုင်ရေး တက်ကြွစွာ လုပ်ဆောင်နေကြောင်း၊

(ဎ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအား တိုက်ဖျက်ရန်၊ နစ်နာသူ ဗဟိုပြု ချဉ်းကပ်မှုများကို မိမိတို့၏ ကြားကာလတရားစီရင်ရေး ယန္တရားများတွင် ထည့်သွင်းရန် မူဝါဒများ ချမှတ်ထားပြီးဖြစ်ကြောင်း၊

(ဏ) မိမိတို့အနေဖြင့် CEDAW နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်တို့ပါ တာဝန် ဝတ္တရားများကို ဆောင်ရွက် အကောင်အထည်ဖော်ရေး အပြည့်အဝ ဆက်လက် ကတိကဝတ်ပြုပါကြောင်း၊

(တ) အမျိုးသမီးများအား ကာကွယ်ပေးရုံသာမက မိမိတို့၏ ကြားကာလအုပ်ချုပ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပုံတွင်လည်း ၎င်းတို့အား ဦးဆောင်သည့်ကဏ္ဍမှ ပါဝင်နိုင်စေရန် ကြိုးပမ်းလျက်ရှိကြောင်း၊

(ထ) အဆိုပါ မျှော်မှန်းချက်များ ပြည့်ဝနိုင်ရေး လုပ်ဆောင်ရာတွင် ကန့်သတ်ချက်များ ရှိသောကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားမျှတမှုအား လက်တွေ့ရရှိနိုင်စေရေး အောက်ပါ အချက်များကို ဝိုင်းဝန်းလုပ်ဆောင်ကာ အားဖြည့်ပံ့ပိုးပေးကြပါရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း-

         

(၁) တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း - နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ဒေသခံ တော်လှန်ရေး တာဝန်ရှိသူများနှင့် အမျိုးသမီးများ ဦးဆောင်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ယက်များနှင့် တိုက်ရိုက် ပူးပေါင်း၍ အကူအညီ အမှန်တကယ် လိုအပ်နေသူများထံသို့ အကူအညီများ ရောက်ရှိစေရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊

 

(၂) စီမံခန့်ခွဲရလွယ်ကူသော ရန်ပုံငွေများ ထောက်ပံ့ပေးရန် - အလှူရှင်များအနေဖြင့် နစ်နာသူ ဗဟိုပြု စောင့်ရှောက်မှုများနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ် အမျိုးမျိုးတို့အတွက် ရှေ့တန်းမှ လုပ်ဆောင်နေသူများထံသို့ လိုအပ်ချက်နှင့် ကိုက်ညီသော၊ ရေရှည်တည်တံ့သော ရန်ပုံငွေများ ထောက်ပံ့ပေးရန်၊


(၃) နိုင်ငံတကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး - နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဖွဲ့အစည်း လိုက်ဖြစ်စေ၊ တစ်နိုင်ငံချင်းအလိုက်ဖြစ်စေ စစ်အုပ်စုအပေါ် ရည်ရွယ်၍ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန်၊ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရန်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှု ရပ်တန့်ရေးအတွက် နိုင်ငံတကာ တရားရေး ယန္တရားများကို ပံ့ပိုးကူညီပေးရန်၊


(၄) ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရန် - မြန်မာနိုင်ငံ အကျပ်အတည်း၏ အဓိက ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း၊ ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲများသည် ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများအား ဖုံးလွှမ်းရန်နှင့် တရားစီရင်မှုတို့မှ ရှောင်တိမ်းရန်အတွက် အပေါ်ယံ လုပ်ကွက်များသာဖြစ်ကြောင်း၊


(ဒ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့ ပြည်သူများမှ စစ်အာဏာရှင်စနစ် အပြီး တိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှု များကို အပြည့်အဝ ထောက်ခံပေးကြပါရန် တောင်းဆိုလိုပါကြောင်း၊


(ဓ) မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာမှသာလျှင် ရှေရှည်တည်တံ့ ခိုင်မာသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား တန်းတူညီမျှသော တရားမျှတမှုကို ခံစား ရစေနိုင်မည်ဖြစ်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်များတွင်လည်း အပြည့်အဝ ပါဝင်ခွင့် ရရှိကာ ၎င်းတို့၏ အခြေခံ အခွင့်အရေးများကို မချွင်းမချန် ခံစားခွင့် ရရှိနိုင်ကြမည်ဖြစ်ကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the 70th Session of the Commission on the Status of Women

(New York, 17 March 2026)


Madam Chair,

I congratulate you and the Bureau on your well-deserved election and commend the successful adoption of the Agreed Conclusions.

As we mark seventy years of this Commission and thirty years of the Beijing Declaration, and over two decades of the Women, Peace, and Security agenda, we witness an alarming global erosion of adherence to international law and the escalating weaponization of sexual violence.

Against this backdrop, Myanmar welcomes this year’s priority theme.

For our people, justice is not merely an abstract concept; it is the absolute prerequisite for peace, security, and the empowerment of all women and girls.

Since the unlawful military coup in February 2021, systemic injustices inflicted upon our people, disproportionately upon women and girls, have escalated to unprecedented levels. According to the IIMM, atrocities committed by the military junta amount to war crimes and crimes against humanity.

Starting with numbers, the statistics are staggering.

Over 3.6 million people are being displaced. Nearly 22 million including over 10.4 million women and girls require humanitarian assistance.

Economic collapse and the junta’s severe mismanagement have plunged more than half our population living below the national poverty line.

The junta has dismantled the rule of law, replacing it with daily killings, arbitrary arrests, and indiscriminate airstrikes. Furthermore, Myanmar has become a safe haven for transnational organized crime, directly threatening regional stability.

The national legal system has been entirely weaponized into an instrument of oppression.

Victims are denied justice, left only with military-controlled kangaroo courts. Simultaneously, the junta systematically uses sexual and gender-based violence as a calculated tactic of war. This is a blatant violation of UN Security Council Resolution 1325, retaliating directly against the vital role Myanmar's women play in the resistance. This weaponization is pervasive, inflicting severe suffering on men, boys, and LGBTQI+ individuals as well.

Yet, the resilience of Myanmar’s women is extraordinary.

Courageous women human rights defenders and local activists remain at the forefront of our revolution, demonstrating what the full, equal, and meaningful participation of women in peacebuilding truly looks like. In liberated areas, local resistance authorities and ethnic revolutionary forces are building community-based governance, delivering essential public services and alternative justice mechanisms to the most vulnerable. Many Myanmar Women Civil Society Organizations are present in this session to relay the voices of the women at various levels, including the victims.

To institutionalize these gains, the National Unity Government is taking concrete action. We have adopted comprehensive policies to combat sexual and gender-based violence, embedding survivor-centered approaches directly into our transitional justice mechanisms. We remain unequivocally committed to our obligations under CEDAW and the Women, Peace, and Security agenda. We are ensuring that women are not just protected, but are actively leading the design of our interim governance and our future federal democratic structures.

However, these vital efforts operate under immense constrain.

To ensure access to justice moves from a thematic aspiration to a reality, I stress the following four vital points:

1.    Direct Engagement: The international community must pursue coordinated efforts to work directly with the NUG, EROs, local resistance authorities, and women-led civil society networks, ensuring assistance reaches to the people in need.

2.    Flexible Funding: We strongly encourage donors to provide adequate, sustainable funding to frontline responders delivering holistic, survivor-centered care.

3.    International Accountability: Members of the international community must, collectively or individually, impose targeted sanctions, halt the flow of arms and jet fuel, and support international justice mechanisms to end impunity.

4.    Address the Root Cause: The military dictatorship is the root cause of this crisis. Their sham elections are transparent facades designed to obscure their crimes and evade justice. Therefore, we appeal to the international community to fully support our people's effort to dismantle the military dictatorship and establish a federal democratic union.

Only through a true federal democratic union will sustainable peace and stability prevail, allow the women and girls of Myanmar to access equitable justice, ensure their full participation in all political processes, and fully enjoy their fundamental rights.

I thank you.

*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page