Statement by Ambassador Kyaw Moe Tun, at the General Debate of the 2026 ECOSOC Forum on Financing for Development Follow-Up
- Myanmar Mission To UN

- Apr 23
- 4 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the 2026 ECOSOC Forum on Financing for Development Follow-Up, held on 23 April 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နောက်ဆက်တွဲအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ် တရားမဝင်စစ်တပ်အာဏာသိမ်းမှု၊ ၎င်းနှင့်အတူယှဉ်တွဲဖြစ်ပေါ်လာသည့် အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ကြီးမားသော အကျင့်ပျက် ခြစားမှုနှင့် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းတို့ကြောင့် ယခင်ရရှိထားသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများသည် နောက်ပြန်ဆုတ်ယုတ် ကျဆင်းသွားခဲ့ရ၊
တရားမဝင်စီးပွားရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်လာလျက်ရှိ၊ စစ်အာဏာရှင်အုပ်စုနှင့် ၎င်းနှင့် ဆက်နွယ်သည့်အဖွဲ့များ၏ ပါဝင် ပတ်သက် ကာကွယ်ပေးမှုကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကောင်များ ခိုလှုံရာနေရာများ ပိုမိုတိုးပွားလာလျက်ရှိ၊
ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားသောအစီရင်ခံစာတွင် အလုပ်အကိုင်အခွင့်အလမ်းများကျဆင်းခြင်း၊ ကျွမ်းကျင်လုပ်သားများ ပြည်ပထွက်ခွာပြောင်းရွှေ့နေကြခြင်း၊ လူသားအရင်းအမြစ် ကျဆင်းလာခြင်း၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပျက်စီးယိုယွင်းခြင်းတို့သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများကို ထိခိုက်လာလိမ့်မည်ဟု သတိပေးထား၊
မြန်မာနိုင်ငံအနေဖြင့် မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်သည့် အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေ၊
အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများနှင့် တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှုခြင်းတို့သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကြောင်းပြန်ခြင်းနှင့် မတည်မငြိမ်ဖြစ်ခြင်းတို့၏ အဓိကအကြောင်းတရားများဖြစ်၊
ဤအခြေအနေကို ဖြေရှင်းရန် ဆောင်ရွက်နေသည့် မည်သည့်ဒေသဆိုင်ရာနှင့် နိုင်ငံတကာကြိုးပမ်း ဆောင်ရွက်မှုများသည် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲမှုကို ရှည်လျားစေခြင်းနှင့် အကြမ်းဖက်မှုများကို ဆက်လက် ဖြစ်ပွားစေခြင်းတို့ကို ရှောင်ရှားနိုင်ရန် အဓိကပြသနာရင်းမြစ်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေးကို ထည့်သွင်းဆောင်ရွက်ရန်လို၊
ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများက မကြာမီက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ မြန်မာပြည်သူများထံ တောက်ပသောအနာဂတ်ကိုပြန်လည်ဆောင်ကြဉ်းပေးရေး ဆိုသည့် မြန်မာပြည်သူများ၏ ရည်မှန်းချက်
ပြည့်မီလာနိုင်ရေးအတွက် အဆင့်တစ်ခု ပိုမိုနီးကပ်လာသည်ကို ဖော်ညွှန်းနေ၊
ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ၂၃ ရက်)
၁။ ကုလသမဂ္ဂ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှု နောက်ဆက်တွဲ အစည်းအဝေးတစ်ရပ်အား နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၅၀) ကျော်နှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ အသီးသီးတက်ရောက် ဆွေးနွေးမိန့်ခွန်း ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်ကာ ၂၃-၄-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ဆီဗီးယားကတိကဝတ် (Seville Commitment) ကို အတည်ပြုလိုက်ခြင်းသည် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ကမ္ဘာ့နှင့်အဝန်းအကျပ်အတည်းများ ကြုံတွေ့နေသည့်ကာလတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပြန်လည် အားသစ်လောင်းစေသည့် ကတိကဝတ် ပြုလိုက်ခြင်းပင် ဖြစ်ကြောင်း၊
(ခ) ဤရည်မှန်းချက်ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်ဆောင် ရာတွင် အစောပိုင်းကာလ၌ပင် တိုးတက်မှုများ ရရှိနိုင်ရေးအတွက် တိကျသေချာသော အဆင့် များနှင့် ပြတ်သားသောလုပ်ဆောင်ချက်များဖြင့် လက်တွေ့ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ငွေကြေးထောက်ပံ့မှု နောက်ဆက်တွဲဆိုင်ရာ ECOSOC ဖိုရမ်သည် လုပ်ဆောင်ချက် နယ်ပယ်လေးရပ်အပေါ် နက်နဲသောသုံးသပ်ချက်များနှင့်အတူ ရရှိထားသည့် အရှိန်အဟုန်ကို အသုံးချ ၍ တိတိကျကျ ရလဒ်များ ထွက်ပေါ်လာစေရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါကြောင်း၊
(ဂ) ဆီဗီးယားကတိကဝတ်နှင့် ယခင်ကရရှိခဲ့သည့်ကတိကဝတ်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ၊ အများပိုင်နှင့် ပုဂ္ဂလိကပိုင် ငွေကြေးစီးဆင်းမှုများအားလုံးကို တစ်ညီတစ်ညွတ်တည်း စုစည်းနိုင်စေရန်အတွက် လမ်းညွှန်မူဘောင်တစ်ရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက တာဝန်ရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များနှင့် အဖွဲ့အစည်းများက ကောင်းမွန်သည့် နိုင်ငံတကာ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးကြပါကြောင်း၊
(ဃ) သို့ရာတွင် မြန်မာနိုင်ငံတွင်မူ ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်အာဏာသိမ်းမှု၊ ၎င်းနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာသည့် အကြမ်းဖက်စစ်တပ်ကကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ကြီးမား သော အကျင့်ပျက်ခြစားမှုနှင့် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းတို့ကြောင့် ယခင်ရရှိထားသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအောင်မြင်မှုများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းများသည် နောက်ပြန်ဆုတ်ယုတ် ကျဆင်းသွားခဲ့ရပါကြောင်း၊
(င) တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်းတွင် GDP ထုတ်လုပ်မှုသည် ကျဆင်းလျက်ရှိပြီး၊ ငွေကြေးဖောင်းပွမှုမှာ မြင့်တက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ ဆင်းရဲမွဲတေမှုမှာ နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး၊ လူလတ်တန်းစားများ ပျောက်ကွယ်လာလျက်ရှိပါကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၇၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို အသေးစား ငွေကြေးအဖွဲ့အစည်းများနှင့် ၎င်းတို့၏ လုပ်ငန်းများသည်လည်း ကျဆင်းလျက် ရှိပါကြောင်း၊ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ တိမ်ကောနေကြောင်း၊
(စ) တစ်ဖက်တွင်လည်း တရားမဝင်စီးပွားရေး၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင် နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်လာလျက်ရှိပါကြောင်း၊ စစ်အာဏာရှင် အုပ်စုနှင့် ၎င်းနှင့် ဆက်နွယ်သည့်အဖွဲ့များ၏ ပါဝင်ပတ်သက် ကာကွယ်ပေးမှုကြောင့် တရားမဝင် ငွေကြေးစီးဆင်းမှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကောင်များ ခိုလှုံရာနေရာများ ပိုမိုတိုးပွားလာ လျက်ရှိပါကြောင်း၊
(ဆ) ဤကဲ့သို့သော ပျက်စီးလာသည့် အကျိုးဆက်များအပြင်၊ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသော အစီရင်ခံစာတွင် အလုပ်အကိုင် အခွင့်အလမ်းများ ကျဆင်းခြင်း၊ ကျွမ်းကျင်လုပ်သားများ ပြည်ပ ထွက်ခွာပြောင်းရွှေ့နေကြခြင်း၊ လူသားအရင်းအမြစ်ကျဆင်းလာခြင်း၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပျက်စီးယိုယွင်းခြင်းတို့သည် မြန်မာနိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ များကို ထိခိုက်လာလိမ့်မည်ဟု သတိပေးထားပါကြောင်း၊
(ဇ) မြန်မာနိုင်ငံအနေဖြင့် မျိုးဆက်တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်သည့် အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေကြောင်း၊
(ဈ) ဆီဗီးယားကတိကဝတ်နှင့် ၂၀၃၀ ခုနှစ်အစီအစဉ်တို့ကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်မှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်သည့် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ရပ် မရှိမဖြစ် လိုအပ်ပါကြောင်း၊
(ည) အကြမ်းဖက်စစ်အာဏာရှင်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက် မှုများနှင့် တရားဥပဒေစိုးမိုးမှုကို လျစ်လျူရှုခြင်းတို့သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကြောင်းပြန်ခြင်းနှင့် မတည်မငြိမ်ဖြစ်ခြင်းတို့၏ အဓိကအကြောင်းတရားများ ဖြစ်သည် ဆိုသည်မှာ သိသာရှင်းလင်းစွာ တွေ့မြင်နိုင်ပါကြောင်း၊ ထို့ကြောင့် အခြေအနေကို ဖြေရှင်းရန် ဆောင်ရွက်နေသည့် မည်သည့်ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာပြည်သူများ၏ ဒုက္ခဆင်းရဲမှုကို ရှည်လျားစေခြင်းနှင့် အကြမ်းဖက်မှုများကို ဆက်လက် ဖြစ်ပွားစေခြင်းတို့ကို ရှောင်ရှားနိုင်ရန် အဓိကပြသနာရင်းမြစ်ကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းရေးကို ထည့်သွင်းဆောင်ရွက်ရန် လိုပါကြောင်း၊
(ဋ) အခြားတစ်ဖက်တွင်မူ၊ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများက မကြာမီက ဖွဲ့စည်းခဲ့သည့်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ မြန်မာပြည်သူများထံ တောက်ပသော အနာဂတ်ကို ပြန်လည်ဆောင်ကြဉ်းပေးရေးဆိုသည့် မြန်မာပြည်သူများ၏ ရည်မှန်းချက်ပြည့်မီလာနိုင်ရေးအတွက် အဆင့်တစ်ခု ပိုမိုနီးကပ်လာသည်ကို ဖော်ညွှန်းနေပါ ကြောင်း၊
(ဌ) ထို့ကြောင့် ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the General Debate of
the 2026 ECOSOC Forum on Financing for Development Follow-Up
(New York, 23 April 2026)
Mr. President,
At the outset, I wish to thank you for convening this meeting. I also thank the SG, the PGA and others for their opening remarks.
Myanmar aligns itself with the statements of LDC and the G77 and China.
Mr. President,
The adoption of the Seville Commitment signals a renewed commitment to financing for sustainable development and multilateralism in the age of geopolitical challenges and global turbulence. This ambitious package of reforms must be followed up with concrete steps and bold actions to achieve early progress in implementation.
In this regard, the ECOSOC forum on FFD follow-up provides an opportunity to leverage momentum and deliver tangible outcomes along with in-depth reviews on four action areas.
Mr. President,
The Seville Commitment and its predecessors provide a blueprint for the mobilization and alignment of all financial flows, domestic and international, public and private.
As such, we, as Member States, are primarily responsible for our own domestic economic and social developments while development partners and institutions create an enabling international environment.
Unfortunately, in my country, Myanmar, the illegal military coup in 2021, followed by the military’s atrocities, rampant corruption and the breakdown of the rule of law, has reversed our previous development progress and financing potential.
Since the coup, the GDP has contracted.
Inflation is rising.
National poverty has increased to nearly 50%.
The middle class is disappearing.
Foreign direct investment has dropped by 74%.
Microfinance institutions and operations are declining.
Financial sector reforms have stagnated.
Illicit economies, transnational organized crimes, including online scams, are thriving.
Illicit financial flows and criminal safe havens, under the protection of the military junta, and its affiliates, have proliferated.
In addition to these devastating consequences,World Bank reported that a decline in formal sector opportunities, migration of skilled workers, reduced human capital, disruptions to education and health services will threaten Myanmar’s long-term development prospects.
We are at serious risk of losing an entire generation.
Mr. President,
Effective implementation of the Seville Commitment and the 2030 Agendarequire a conducive environment to peace and stability.
It is crystal clear that the military junta, their indiscriminate violence against civilians and disregard for the rule of law are the biggest drivers of development setbacks and instability in Myanmar.
In this regard, anyregional and international effortto remedy the situation should include steps to effectively address the root cause to avoidfueling moreviolence andprolonging the suffering of our people.
On the other hand, the recently established Steering Council for Emergence of a Federal Democratic Union by the major democratic forces has demonstrated a step closer to realizing our goal of ending the military dictatorship and building a federal democratic union as well as bringing a bright future back to the people of Myanmar.
Therefore, I urge the international community to support the people of Myanmar in their efforts for sustainable peace and stability and better Myanmar.
I thank you.
*****











