top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the General Debate of the 2026 Review Conference of the Parties to the Treaty on the Non-Proliferation of Nuclear Weapons

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Apr 28
  • 6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the 2026 Review Conference of the Parties to the Treaty on the Non-Proliferation of Nuclear Weapons, held on 28 April 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ၂၀၂၆ ခုနှစ်

ပြန်လည်သုံးသပ်ရေးညီလာခံ၊ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအနေဖြင့်

စာချုပ် ပုဒ်မ ၄ အရ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ရှိသည်ဆိုသော မရုပ်သိမ်းနိုင်သည့် အခွင့်အရေးကို ထပ်လောင်း အတည်ပြု၊ မသမာသောသူများက နျူကလီးယားစွမ်းအင် သို့မဟုတ် နည်းပညာများကို အလွဲသုံးစားပြုခြင်းမှ ကာကွယ် တားဆီးနိုင်ရေးအတွက် ဤသဘောတူစာချုပ်ပါ အချက်များနှင့်အညီ နျူကလီးယား စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၏ အဆင့်တိုင်းတွင် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်၊


အကြမ်းဖက်စစ်အုပ်စုနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အဓိက နိုင်ငံကြီး တစ်နိုင်ငံတို့အကြား နျူကလီးယား စွမ်းအင်အစီအစဉ် ဟုခေါ်သည့် အစီအမံနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည့် အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိုးရိမ် ပူပန်မိ၊


အကြမ်းဖက်စစ်အုပ်စုသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများကို လက်နက်အဖြစ် အသုံးချကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသော

ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဆိုသည့်အပေါ် ယုံကြည်ရန် မဖြစ်နိုင်၊

ယခင် ၎င်းတို့ ဆောင်ရွက်ခဲ့သည့် ဓာတုလက်နက်အစီအစဉ်များကို ဖုံးကွယ်ထားသည့် အကြမ်းဖက်စစ်အုပ်စု သည် နျူကလီးယားအစီအစဉ်များတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို

ပြသနိုင်မည်ဟု ယုံကြည်ရန် မဖြစ်နိုင်၊

အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုသည် IAEA အာမခံချက်များကို လိုက်နာဆောင်ရွက်မည်ဟု ယုံကြည်ရန် မဖြစ်နိုင်၊

ဒေသတွင်းနိုင်ငံများနှင့် အဖွဲ့အစည်းများ၏သိက္ခာ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်အုပ်စု အား မည်သည့် နျူကလီးယားပူးပေါင်း ဆောင်ရွက်မှုတွင်မဆို ယုံကြည်စိတ်ချရသည့် မိတ်ဖက်တစ်ဦးအဖြစ် သဘောထားရန် မဖြစ်နိုင်၊

ရှင်းလင်းစွာ ပြောကြားရပါက အကြမ်းဖက်စစ်အုပ်စု၏ စကားများ၊ ကတိကဝတ်များ သို့မဟုတ် ဆောင်ရွက်မှု များကို မည်သည့်အခါမျှ ယုံကြည်ရန် မဖြစ်နိုင်၊


မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်သို့

ပြန်လည် ရောက်ရှိသည့်အချိန်မှသာလျှင် မြန်မာနိုင်ငံသို့နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမဆို ပေးအပ်သင့်၊


မြန်မာပြည်သူများနှင့် ၎င်းတို့၏ အနာဂတ်ကို ကယ်တင်နိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စု ထံသို့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်စစ်ဘက် နှစ်မျိုး သုံးနိုင်သည့် ပစ္စည်းများနှင့် သက်ဆိုင်ရာ နည်းပညာများ စီးဆင်းရောက်ရှိမှုများကို

ဖြတ်တောက်ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးအား အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်)


၁။        နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ၂၀၂၆ ခုနှစ်၊ ပြန်လည်သုံးသပ်ရေးညီလာခံအား နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ အဆိုပါ ညီလာခံ၏ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ကိုယ်စားလှယ်များမှ အသီးသီးတက်ရောက် ဆွေးနွေးမိန့်ခွန်း ပြောကြားလျက်ရှိပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် အဆိုပါ အစည်းအဝေးသို့ ပါဝင်တက်ရောက်လျက်ရှိပြီး၊ ၂၈-၄-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် အထွေထွေ ဆွေးနွေးမှုအစီအစဉ်၌ ပါဝင် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-

(က)  ယခုကျင်းပလျက်ရှိသည့် ဆယ့်တစ်ကြိမ်မြောက် သုံးသပ်ရေးညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခြေအနေများ ယိုယွင်းဆိုးရွားလာသည့် အခြေအနေတစ်ရပ်တွင် ကျင်းပနေခြင်းဖြစ်ပါ ကြောင်း၊ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အခြေခံများ ယိုယွင်းလာမှုမှသည် နိုင်ငံများ၏ စစ်ရေး မဟာဗျူဟာများတွင် နျူကလီးယား လက်နက်၏ အခန်းကဏ္ဍ တိုးမြှင့်လာမှုများ၊ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့်နိုင်ငံအရေအတွက် တိုးပွားမှုနှင့် လက်နက်အရည်အသွေး ပိုမိုကောင်းမွန် တိုးတက်လာမှုတို့သည် စစ်အေးစစ်ပွဲနောက်ပိုင်း နျူကလီးယားအန္တရာယ်၏ ရေချိန်အမြင့်ဆုံး စိုးရိမ်ရသည့် အခြေအနေကို ကြုံတွေ့နေရခြင်း ဖြစ်ပါကြောင်း၊


(ခ)    ထိုသို့ ပြင်းထန်လာသည့်အန္တရာယ်များသည် လက်နက်စနစ်များတွင် ဉာဏ်ရည်တုနည်းပညာ ပေါင်းစပ်အသုံးပြုမှုအပါအဝင် ထပ်မံပေါ်ထွန်းလာသည့် နည်းပညာသစ်များကြောင့် ပိုမို စိုးရိမ်လာ ကြရပါကြောင်း၊ နျူကလီးယားလက်နက်များသည် လူသားမျိုးနွယ်၏ တည်ရှိမှုကိုပင် ခြိမ်းခြောက် နေသည့် အန္တရာယ်တစ်ရပ်ဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ မတော်တဆဖြင့်ဖြစ်စေ တစ်ကြိမ် တစ်ခါမျှ အသုံးပြုမိရုံနှင့်ပင် လက်ရှိနှင့် နောင်လာမည့် မျိုးဆက်များအတွက် လူသားချင်း စာနာမှု နှင့် သဘာဝပတ်ဝန်းကျင်အပေါ် အဆမတန်သော ထိခိုက်မှုများ ပေါ်ပေါက်စေမည် ဖြစ်ပါကြောင်း၊


(ဂ)    ထို့ကြောင့် နျူကလီးယားလက်နက် အသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် ခြိမ်းခြောက်ခြင်း စသည့် အခြေအနေကို တားဆီးနိုင်မည့် တစ်ခုတည်းသော အာမခံချက်သည် နျူကလီးယား လက်နက်များကို လုံးဝဖျက်သိမ်းခြင်းသာ ဖြစ်သည်ဆိုသည့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြု ပြောကြားလိုပါကြောင်း၊


(ဃ) နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် သက်တမ်း နှစ်(၆၀)နီးပါး ရှိလာသည့်တိုင် စာချုပ်သည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့တွင် အဓိကနေရာ၌ ဆက်ရှိနေကြောင်း၊ စာချုပ်အပေါ် အများယုံကြည်လက်ခံမှု ဆက်ရှိနေစေရန် ပြီးခဲ့သည့် မအောင်မြင်ခဲ့သော ပြန်လည် သုံးသပ်ရေးညီလာခံများကဲ့သို့ မဟုတ်ဘဲ အောင်မြင်သော ပြန်လည်သုံးသပ်ရေး ညီလာခံ တစ်ခု ဖြစ်ဖို့ရန် အဖွဲ့ဝင်နိုင်ငံအားလုံးမှအတတ်နိုင်ဆုံးလိုက်လျောညီထွေရှိပေးကြရန်၊ အကောင်းဆုံး အပြုသဘော ဆွေးနွေးကြရန် အဓိပ္ပါယ်ရှိစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊


(င) နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် စာချုပ်၏ ပုဒ်မ (၆)အား အကောင်အထည်ဖော်ရာတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုများရှိစေရန် အရေးကြီးပါကြောင်း၊ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့ လုပ်ဆောင်ရမည့် တာဝန်များကို လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊ New START Treaty သက်တမ်း ကုန်ဆုံးသွားပြီး နောက် အလားတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး အရေးအတွက် စိတ်ရင်းကောင်းကောင်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်ရန်ကိုလည်း တိုက်တွန်းပါကြောင်း၊


(စ)    နျူကလီးယားစမ်းသပ်မှု ဘက်စုံတားမြစ်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty - CTBT)  ကို  နိုင်ငံအားလုံးက လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရေးအပေါ် မြန်မာနိုင်ငံက အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊  အတည်ပြုလက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် နိုင်ငံများအားလုံး၊ အထူးသဖြင့် ကျန်ရှိနေသော နောက်ဆက်တွဲ (၂) (Annex II) ပါ နိုင်ငံများအား စာချုပ် အာဏာသက်ဝင်စေရန်အလို့ငှာ ထပ်မံနှောင့်နှေးခြင်းမရှိဘဲ အတည်ပြု လက်မှတ်ရေးထိုး ကြရန် တိုက်တွန်းပါကြောင်း၊


(ဆ)  နျူကလီးယားလက်နက်များ တားမြစ်ရေးစာချုပ် (Treaty on the Prohibition of Nuclear Weapons - TPNW) သည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (Treaty on the Non-Proliferation of Nuclear Weapons - NPT) ကို ဖြည့်စွက်ပံ့ပိုးပြီး ပုဒ်မ ၆ အရ လိုအပ်သည့် ထိရောက်သော အစီအမံများ၏ အခန်းကဏ္ဍကို ကိုယ်စားပြုသည်ဟု မြန်မာနိုင်ငံက ရှုမြင် ပါကြောင်း၊ ထို့အပြင် သဘောကွဲလွဲမှုများကို ဖြေရှင်း၍ အဏုမြူပစ္စည်းများ ဖြတ်တောက်ရေး စာချုပ် (Fissile Material Cut-Off Treaty - FMCT) ညှိနှိုင်းဆွေးနွေးမှုများကိုလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ညီလာခံ (Conference on Disarmament - CD) လုပ်ငန်းစဉ်အောက်မှ စတင်နိုင်ရေး လိုအပ်ကြောင်းကို ထပ်လောင်း ပြောကြားလိုပါကြောင်း၊


(ဇ)    အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းစင်ဇုန် စာချုပ် (Southeast Asia Nuclear Weapons-Free Zone Treaty - SEANWFZ) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်မပြန့်ပွားရေးစာချုပ် ပုဒ်မ ၇ နှင့်အညီ နျူကလီးယားလက်နက်ကင်းစင်ဇုန်များ (Nuclear Weapons Free Zones - NWFZs) တည်ထောင်ခြင်းသည် နျူကလီးယား လက်နက်များကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို ပိုမိုခိုင်မာအားကောင်းစေရာ ရောက်နိုင်သည်ဟု မြန်မာနိုင်ငံအနေဖြင့်  ယုံကြည်ပါကြောင်း၊


(ဈ)   ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက်ကင်းစင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအားလုံးကို လိုက်နာဆောင်ရွက်ရန် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံအား တိုက်တွန်းပါကြောင်း၊


(ည)  မြန်မာနိုင်ငံအနေဖြင့် စာချုပ် ပုဒ်မ ၄ အရ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ရည်ရွယ်ချက်များအတွက် အသုံးပြုခွင့်ရှိသည့်ဆိုသော မရုပ်သိမ်းနိုင်သည့် အခွင့်အရေးကို ထပ်လောင်း အတည်ပြုပါကြောင်း၊ မသမာသောသူများက နျူကလီးယားစွမ်းအင် သို့မဟုတ် နည်းပညာများကို အလွဲသုံးစားပြုခြင်းမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ဤသဘောတူစာချုပ်ပါ အချက်များနှင့်အညီ နျူကလီးယား စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၏ အဆင့်တိုင်းတွင် နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (International Atomic Energy Agency - IAEA) ၏ လမ်းညွှန် ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ကို မြန်မာနိုင်ငံက အလေးအနက် ဖော်ပြလိုပါကြောင်း၊


(ဋ)    ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် နျူကလီးယား လုံခြုံရေးဆိုင်ရာ သဘောတူညီချက် (Convention on Nuclear Safety) နှင့် နျူကလီးယား ပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သဘောတူညီချက် (Convention on the Physical Protection of Nuclear Materials - CPPNM) တို့ကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် CTBT ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် TPNW ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊


(ဌ)    သို့ရာတွင် TPNW ကို အတည်ပြု လက်မှတ်ရေးထိုးရန်၊ IAEA ၏ နောက်ဆက်တွဲ သဘောတူညီချက် (Additional Protocol) ကို အာဏာသက်ဝင်စေရန်နှင့် ပြင်ဆင်ထားသော နောက်ဆက်တွဲသဘောတူညီချက် (Modified Small Quantity Protocol) ကို လိုက်နာ ဆောင်ရွက်ရန် ချမှတ်ထားသည့် အစီအစဉ်များသည် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရပါကြောင်း၊


(ဍ)    ဤအခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုနှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အဓိက

နိုင်ငံကြီးတစ်နိုင်ငံတို့အကြား နျူကလီးယားစွမ်းအင်အစီအစဉ်ဟုခေါ်သည့် အစီအမံနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်မိ ပါကြောင်း၊


(ဎ) အဆိုပါ စိုးရိမ်ပူပန်မှုများပေါ်ပေါက်စေသည့် အခြေခံကျသည့် အကြောင်းအရင်းများ ရှိပါကြောင်း၊

- အကြမ်းဖက်စစ်အုပ်စုသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများကို လက်နက်အဖြစ် အသုံးချကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည့်အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဆိုသည့်အပေါ် ယုံကြည်ရန် မဖြစ်နိုင်ပါကြောင်း၊

- ယခင်က ၎င်းတို့ဆောင်ရွက်ခဲ့သည့် ဓာတုလက်နက်အစီအစဉ်များကို ဖုံးကွယ်ထားသည့် အကြမ်းဖက်စစ်အုပ်စုသည် နျူကလီးယားအစီအစဉ်များတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို ပြသနိုင်မည်ဟု ယုံကြည်ရန် မဖြစ်နိုင်ပါကြောင်း၊

-      အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) အပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုသည် IAEA အာမခံချက်များကို လိုက်နာဆောင်ရွက်မည်ဟု ယုံကြည်ရန် မဖြစ်နိုင် ပါကြောင်း၊

-      ဒေသတွင်းနိုင်ငံများနှင့် အဖွဲ့အစည်းများ၏သိက္ခာ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ဖျက်စီးနေသည့် အကြမ်းဖက်စစ်အုပ်စုအား မည်သည့် နျူကလီးယားပူးပေါင်း ဆောင်ရွက်မှု တွင်မဆို ယုံကြည်စိတ်ချရသည့် မိတ်ဖက်တစ်ဦးအဖြစ် သဘောထားရန် မဖြစ်နိုင်ပါကြောင်း၊

- ရှင်းလင်းစွာ ပြောကြားရပါက အကြမ်းဖက်စစ်အုပ်စု၏ စကားများ၊ ကတိကဝတ်များ သို့မဟုတ် ဆောင်ရွက်မှုများကို မည်သည့်အခါမျှ ယုံကြည်ရန် မဖြစ်နိုင်ပါကြောင်း၊


(ဏ)   ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည် တည်ဆောက်ကာ စစ်တပ်သည် အရပ်သားအစိုးရ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်သို့ ပြန်လည် ရောက်ရှိသည့်အချိန်မှသာလျှင် မြန်မာနိုင်ငံသို့ နျူကလီးယားစွမ်းအင်အစီအစဉ်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း၏ မည်သည့် ပူးပေါင်းဆောင်ရွက်မှုကိုမဆို ပေးအပ်သင့်ပါကြောင်း၊


(တ)    မြန်မာပြည်သူများနှင့် ၎င်းတို့၏ အနာဂတ်ကို ကယ်တင်နိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စု ထံသို့ လက်နက်များ၊ စစ်လက်နက်ပစ္စည်းများ၊ ဂျက်လောင်စာဆီ၊ အရပ်ဘက်စစ်ဘက် နှစ်မျိုး သုံးနိုင်သည့် ပစ္စည်းများနှင့် သက်ဆိုင်ရာ နည်းပညာများ စီးဆင်းရောက်ရှိမှုများကို ဖြတ်တောက် ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးအား အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၆ ခုနှစ်၊ ဧပြီလ၂၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations,

at the General Debate of the 2026 Review Conference

of the Parties to the Treaty on the Non-Proliferation of Nuclear Weapons


(New York, 28 April 2026)


Mr. President,

At the outset, allow me to congratulate you and other members of the Bureau on your election. I also wish to commend you on your able stewardship in the lead-up to the Conference.

You can count on our full support and cooperation throughout the session.

Myanmar aligns itself with the statements of NAM and ASEAN.


Mr. President,

The Eleventh Review Conference is taking place against the backdrop of a deteriorating security environment. From the erosion of the arms control architecture to nuclear rhetoric, increased salience of nuclear weapons in military doctrine, horizontal and vertical proliferation, we are witnessing the highest level of nuclear risks since the Cold War.

Such heightened risks are further compounded by emerging technologies, including the integration of AI in weapons systems.

Nuclear weapons pose an existential threat to humanity, and a single use of nuclear weapons, whether by design or accident, will have catastrophic humanitarian and environmental consequences for current and future generations.

Myanmar, therefore, reaffirms our position that the only guarantee against the use or threat of use of nuclear weapons is their total elimination.


Mr. President,

After nearly sixty years, the NPT remains the cornerstone of nuclear disarmament and non-proliferation.

Restoring the credibility and integrity of the NPT at this critical juncture requires all of us to exercise maximum flexibility, constructive dialogue and meaningful cooperation to avoid repeating the consecutive failures from past review conferences.

At the same time, we stress the utmost importance of making tangible progress in the implementation of Article VI and call upon NWS to fulfill their obligations accordingly.

Similarly, we underscore the need to pursue negotiations in good faith for a successor agreement after the expiration of the New START Treaty.


Mr. President,

Myanmar attaches great importance to the universal adherence to the CTBT and calls again upon all states that have not ratified it, especially the remaining Annex II states, to do without delay for its entry into force.

Myanmar is of the view that the TPNW complements the NPT and represents the role of “effectivemeasures” under Article VI.

We also reiterate the need to resolve differences to commence negotiations on the Fissile Material Cut-Off Treaty under the Conference on Disarmament.

As a state party to the Southeast Asia Nuclear-Weapons-Free-Zone Treaty, Myanmar believes the establishment of NWFZs, in accordance with Article VII, can contribute to further strengthening global norms against nuclear weapons.

On the issue of denuclearization of the Korean peninsula, Myanmar calls on the DPRK to abide by all relevant Security Council resolutions.


Mr. President,

Myanmar reaffirms the inalienable rights to the peaceful use of nuclear energy under Article IV.In this context, Myanmar emphasizes the strict compliance with the IAEA guidelines at every stage of the nuclear energy development to prevent any misuse of nuclear energy or technology by malicious actors.

Under the elected civilian government, Myanmar ratified the Convention on Nuclear Safetyand the Convention on the Physical Protection of Nuclear Materials in 2016, the CTBT in2017 and signed the TPNW in 2018.

Unfortunately, our plan to ratify the TPNW, put the IAEA Additional Protocol into force andadhere to the Modified Small Quantity Protocol,was disrupted by the illegal military coup.

Against this backdrop, we are seriously concerned with the enhanced collaboration between the militaryjunta and a major NWS on their so-called nuclear power plan.

Our concern has its merits.

The military junta that weaponizes dual-use items, commits war crimes and crimes against humanitycannot be trusted to apply nuclear energy for exclusively peaceful purposes.

The military junta that conceals its past chemical weapons programs cannot be trusted to demonstrate transparency and accountability in nuclear programs.

The military junta that violates the ASEAN 5PC and relevant UN resolutions, including the SC Resolution 2669 (2022)cannot be trusted to comply with IAEA safeguards.

The military junta that undermines regional reputation, peace and stabilitycannot be trusted as a credible partner in any nuclear cooperation.

Simply put, the military junta, their words, “commitments” or “actions” can never be trusted.

Therefore, any cooperation, from the international community, including a nuclear energy programme, should be extended to Myanmar only when the military dictatorship is ended, democracy is restored and the military is under civilian oversight.

Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta to save the lives of the people of Myanmar and their future.


I thank you.

*****



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page