Participation of Myanmar Delegation to the Closing of the 80th UNGA and the Opening of the 81st UNGA
- Myanmar Mission To UN

- 3 minutes ago
- 2 min read







Participation of Myanmar delegation led by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, to the closing of the 80th Session of the UN General Assembly and the opening of the 81st Session of the UN General Assembly, held on 8 September 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး စတင်ကျင်းပ၊
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်)
၁။ နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်၊ အထွေေထွေညီလာခံတွင် (၈၀) ကြိမ်မြောက် အထွေထွေညီလာခံ (80thSession of the United Nations General Assembly) ပိတ်ပွဲအခမ်းအနားကို ၈-၉-၂၀၂၆ ရက် (အင်္ဂါနေ့)၊ နံနက် (၁၁၀၀) နာရီအချိန်၌ ကျင်းပခဲ့ပါသည်။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ (81st Session of the United Nations General Assembly) ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့မွန်းလွဲပိုင်း (၁၅၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
၂။ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံပိတ်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က ယခုကာလများတွင် လူသားဆန်မှုအပေါ် ကြီးလေးသော စိန်ခေါ်မှုများ ကျရောက်နေပြီး ပျက်စီးဆုံးရှုံးမှုများ၊ နေရပ်စွန့်ခွာမှုများနှင့် သေကြေမှုများ ဖြစ်ပေါ်နေချိန်၌ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ၏ သဘာပတိဖြစ်သူ H.E. Ms. Annalena Baerbock အနေဖြင့် ညီလာခံ ကာလတစ်လျှောက်ပြည့်ဝသော ခေါင်းဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သည့်အပေါ် အသိအမှတ်ပြုသည့် ဂုဏ်ပြုချီးမွမ်းစကား ပြောကြားခဲ့ပါသည်။
၃။ H.E. Ms. Annalena Baerbock ကလည်း (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံကာလအတွင်း ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး၊ ပဋိညာဉ်အား ထိန်းသိမ်းကာကွယ်ခြင်းနှင့် အတွင်းရေးမှူးချုပ်အသစ် ရွေးချယ်သည့်လုပ်ငန်းစဉ်တို့အား ဦးစားပေး (၃) ရပ်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးများအား အကာအကွယ်ပေးရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရေးရာကိစ္စရပ်များ၊ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ အပြန်အလှန် အားဖြည့်ပေးခြင်းနှင့် ကုလသမဂ္ဂ ၏မဏ္ဍိုင်များအား စောင့်ရှောက်ခြင်းတို့ကို အလေးထားလုပ်ဆောင်ခဲ့ခြင်းတို့အား ပြန်လည်သုံးသပ် မှတ်ကျောက်တင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အတူတကွ ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကာ ပြည်သူများကို ဗဟိုပြုသည့် ဆုံးဖြတ်ချက်များ ချမှတ်လျှင် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖော်ဆောင်နိုင်မည်ဟု ၎င်း၏ “Better Together” theme နှင့်အညီ အပိတ်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၄။ ထို့နောက် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Khalilur Rahman က ကုလသမဂ္ဂ ကျင့်ထုံးနှင့်အညီ ကျမ်းသစ္စာကျိန်ဆိုကာ H.E. Ms. Annalena Baerbock ထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ပါသည်။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအကုန်အထိ ကျင်းပပြုလုပ်ခဲ့သည့် Main Part of the Session ကာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းမှ စက်တင်ဘာလ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့သော Second Part of the Session ကာလအတွင်း အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးများနှင့် ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခု၏အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
၆။ ထို့ပြင် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးများနှင့် အဆိုပါကောင်စီအောက်မှ ကျင်းပခဲ့သည့် အစည်းအဝေးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ ပုံမှန်အစည်းအဝေးများနှင့် ဖွံ့ဖြိုးမှု၊ ကလေးသူငယ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များစသည့် ဘာသာရပ်များနှင့် ဆက်စပ်အစည်းအဝေးများ၊ Side Event များသို့လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလတလျှောက်လုံးအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့ပါသည်။
၇။ မိန့်ခွန်းများတွင် ဘာသာရပ်များနှင့် ဆက်စပ်၍ ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် စစ်အာဏာသိမ်းခဲ့သည့်အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနှင့် ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါသည်။ ထို့နည်းတူစွာပင် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ထင်ဟပ်ပြောကြားခဲ့ပါသည်။
၈။ ၈-၉-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ H.E. Mr. Khalilur Rahman က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက်ခြင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၎င်းအနေဖြင့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း၌ “Restoring trust, managing transformation: A United Nations that delivers for all” ဟူသော မျှော်မှန်းချက်ဖြင့် ငြိမ်းချမ်းရေးနှင့်၊ လုံခြုံရေး၊ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးမှု၊ ရာသီဥတုဒဏ် ကြံ့ခိုင်ရေး၊ လူ့အခွင့်အရေး၊ နည်းပညာ အုပ်ချုပ်စီမံခန့်ခွဲမှုနှင့် ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးစားရေး (၆) ရပ်အနေဖြင့် ဖော်ဆောင်သွားမည်ဟု အလေးထား ပြောကြားခဲ့ပါသည်။
၉။ ထို့နောက် အဖွဲ့ဝင် (၉) နိုင်ငံ ပါရှိရမည့် Credentials Committee အား ဘဟားမားစ်၊
ဘယ်လ်ဂျီယံ၊ ဘီနင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျမေကာ၊ ရုရှားဖယ်ဒရေးရှင်း၊ ဗန်ဝါးတူး၊ ယူဂန်ဒါနှင့် အမေရိကန် ပြည်ထောင်စု တို့ဖြင့် ခန့်အပ်ဖွဲ့စည်းခဲ့ပါသည်။
၁၀။ ထို့ပြင် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများအား ထိုင်ခုံနေရာချထားမှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက် A/RES/71/323 ပါ စာပိုဒ် (၄၂) နှင့်အညီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ မဲနှိုက်ပေးခဲ့ပြီး၊ ရရှိလာသည့် ရလဒ်အရ မော်ရိုကိုနိုင်ငံဖြင့် စတင်ပြီး နိုင်ငံများအား အင်္ဂလိပ်အက္ခရာစဉ်အတိုင်း နေရာချထားပါကြောင်း ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့






