Participation of Myanmar Delegation to the Closing of the 79th UNGA and the Opening of the 80th UNGA
- Myanmar Mission To UN

- Sep 8
- 2 min read



Participation of Myanmar delegation led by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, to the closing of the 79th Session of the UN General Assembly and the opening of the 80th Session of the UN General Assembly, held on 9 September 2024
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၉-၉-၂၀၂၅ ရက်နေ့မှ စတင်ကျင်းပပြုလုပ်သည့် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်လျက်ရှိ
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)
၁။ နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်၊ အထွေေထွေညီလာခံတွင် (၇၉) ကြိမ်မြောက် အထွေထွေညီလာခံ (79th Session of the United Nations General Assembly – 79UNGA) ပိတ်ပွဲအခမ်းအနားကို ၉-၉-၂၀၂၅ ရက် (အင်္ဂါနေ့)၊ နံနက် (၁၁၀၀) နာရီအချိန်၌ ကျင်းပခဲ့ပါသည်။ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (80th Session of the United Nations General Assembly – 80UNGA) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကိုယင်းနေ့မွန်းလွဲပိုင်း (၁၅၀၀) နာရီအချိန်တွင်ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။
၂။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ပိတ်ပွဲအခမ်းအနား တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ၏ သဘာပတိ H.E. Mr. Philemon Yang မှ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မှတ်ကျောက်တင် လုပ်ဆောင် နိုင်ခဲ့သည့် အောင်မြင်မှုများကို အသိအမှတ်ပြုကာ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည့် စိန်ခေါ်မှုများအား စွမ်းစွမ်းတမံ ကိုင်တွယ်ဖြေရှင်းခဲ့သည့်အပေါ် ဂုဏ်ပြုချီးမွမ်းစကား ပြောကြားခဲ့ပါသည်။ H.E. Mr. Philemon Yang ကလည်း Pact for the Future အတည်ပြုမှုမှ အစပြု၍ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်များအတွက် ၎င်းမှ ဦးဆောင်ဦးရွက်ပြု၊ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည့် လုပ်ဆောင်ချက် အသီးသီးကို မှတ်တမ်းတင်ပြောကြားကာ ၎င်းအား အားဖြည့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ဖြစ်သူ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း H.E. Ms. Annalena Baerbock က ကုလသမဂ္ဂ ကျင့်ထုံးနှင့်အညီ ကျမ်းသစ္စာ ကျိန်ဆိုကာ H.E. Mr. Philemon Yang ထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်း မှ ဒီဇင်ဘာလ ကုန် အထိ ပြုလုပ်သည့် Main Part of the Session တွင် အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးများ နှင့် ပင်မ ကော်မတီ ၆ ခု၏ အစည်းအဝေးများ သို့ တက်ရောက်ခဲ့ပြီး၊ မိန့်ခွန်းပေါင်း (၆၀) ခန့် ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဆန်း မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပြုလုပ်သည့် Second Part of the Session ကာလ အတွင်းတွင် ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးများ၌လည်း မိန့်ခွန်း ပြောကြားမှု များ ပြုလုပ် ခဲ့ပါသည်။
၄။ ထို့အပြင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကာလ အတွင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးများ၊ ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေးကောင်စီ၏ အစည်းအဝေး များ၊ ဖွံ့ဖြိုးတိုးတက်မှု ရေးရာ၊ ကလေးသူငယ်ရေးရာနှင့် အမျိုးသမီးရေးရာကိစ္စရပ်များ နှင့် သက်ဆိုင်သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ အစည်းအဝေးများတွင်လည်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြား မှုများ ပြုလုပ် ခဲ့ပါသည်။
၅။ ထို့သို့ မိန့်ခွန်းများ ပြောကြားရာတွင် ဘာသာရပ်များ နှင့် ဆက်စပ်၍ မြန်မာနိုင်ငံ လက်ရှိ အခြေအနေများ၊ အကြမ်းဖက် စစ်အုပ်စု မှ မြန်မာပြည်သူများ အပေါ် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရက်စက် လူမဆန့်စွာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်နေမှုများ၊ မြန်မာပြည်သူများ မှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆောင်ရွက်မှုများ ကို ထင်ဟပ်ပြောကြားခဲ့ပါသည်။
၆။ ၉-၉-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ၊ H.E. Ms. Annalena Baerbock က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက်ခြင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် H.E. Ms. Annalena Baerbock က ၎င်းအနေဖြင့် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း၌ “Better Together: 80 years and more for peace, development and human rights” ဟူသော မျှော်မှန်းချက်ကို အခြေခံအုတ်မြစ်ချကာ ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုအကြိမ် အထွေထွေညီလာခံသည် ကုလသမဂ္ဂ အဖွဲ့အစည်း၏ (၈၀) နှစ်ပြည့် အထိမ်းအမှတ် အခါသမယနှင့်လည်း ကိုက်ညီနေသောကြောင့် အလွန်အရေး ပါကြောင်း၊ ကုလသမဂ္ဂ တည်ထောင်ခဲ့ခြင်း၏ မူလ ရည်ရွယ်ချက်အတိုင်း ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် နိုင်ငံ ပေါင်းစုံ ဝါဒတို့ ပြန်လည် ခိုင်မာအားကောင်းလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အလေးထား ပြောကြား ခဲ့ပါသည်။
၇။ ထို့နောက် အဖွဲ့ဝင် (၉) နိုင်ငံ ပါရှိသည့် Credentials Committee အား အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှားဖယ်ဒရေးရှင်း၊ ဆီနီဂေါ၊ ထရီနီဒက်နှင့် တိုဘာဂို နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြင့် ဖွဲ့စည်း ခန့်အပ်ခဲ့ပါသည်။
၈။ ထို့ပြင် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများအား ထိုင်ခုံနေရာ ချထားမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် A/RES/71/323 ပါ စာပိုဒ် (၄၂) နှင့် အညီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ မဲနှိုက်၍ ရရှိလာသည့် ရလဒ်အရ နီဂျဲနိုင်ငံဖြင့်စတင်ပြီး ယင်းအတိုင်း နိုင်ငံများအား အင်္ဂလိပ်အက္ခရာစဉ်အလိုက် နေရာချထားပါကြောင်းဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့







