Myanmar joined the Joint Commitments to Uphold the Protection of Civilians amid Reforms and Constraints
- Myanmar Mission To UN

- 3 days ago
- 1 min read



Myanmar joined the Joint Commitments to Uphold the Protection of Civilians amid Reforms and Constraints, at the Media Stakeout on 21 May 2026
သတင်းအဖြစ်ထုတ်ပြန်ချက်
မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် (၈၈) နိုင်ငံက
“ပြုပြင်ပြောင်းလဲမှုများနှင့် ကန့်သတ်ချက်များအကြား အရပ်သားပြည်သူများအား
အကာအကွယ်ပေးရေး ကတိကဝတ်များ” ကို ထုတ်ပြန်အတည်ပြုခဲ့၊
အဆိုပါ ကတိကဝတ်တွင် ကုလသမဂ္ဂအဖွဲ့အစည်းတွင် အရင်းအမြစ်ဆိုင်ရာ ကျပ်တည်းမှုများ
ဖြစ်ပေါ်လျက်ရှိသော်လည်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို
ဦးစားပေး လုပ်ဆောင်ရန်၊ အထူးသဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို
အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်မှ အပ်နှင်းသည့် ဝတ္တရားတစ်ခုအဖြစ် မျှသာမဟုတ်ဘဲ
ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်တစ်ခုအဖြစ်ပါ
သတ်မှတ်စောင့်ထိန်းကျင့်သုံးရန် အချက်ကိုလည်း ကတိကဝတ်ပြုထား
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မေလ၂၁ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၁၈-၅-၂၀၂၆ ရက်မှ ၂၂-၅-၂၀၂၆ ရက်နေ့အထိ အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး သီတင်းပတ် (Protection of Civilians – PoC Week) ကို ကျင်းပလျက် ရှိပါသည်။
၂။ ထိုသို့ ကျင်းပနေစဉ် ကုလသမဂ္ဂဆိုင်ရာ ဆွစ်ဇာလန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN Office of the Coordination of Humanitarian Affairs – OCHA)၊ Center for Civilians in Conflict (CIVIC)၊ International Rescue Committee (IRC)တို့က “Joint Commitments to Uphold the Protection of Civilians amid Reforms and Constraints” ခေါင်းစဉ်ဖြင့် ပူးတွဲကတိကဝတ်ပြုမှုများကို ဦးဆောင်ရေးဆွဲခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ဆွစ်ဇာလန် အမြဲတမ်းကိုယ်စားလှယ်က ၂၁-၅-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၃၀၀) နာရီတွင် ကုလသမဂ္ဂဌာနချုပ်၌ တရားဝင် ဖတ်ကြားထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ပူးတွဲကတိကဝတ် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် (၈၈) နိုင်ငံက ပူးတွဲ အဆိုရှင်များအဖြစ် ပါဝင်ထောက်ခံ အတည်ပြုခဲ့ကြပါသည်။
၃။ အတည်ပြုခဲ့သည့် ကတိကဝတ်ပြုမှုများတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂစနစ် အတွင်း၌ အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးခေါင်းစဉ်ကို အရေးပါသော အကြောင်းအရာတစ်ခုအဖြစ် ဆက်လက် ဦးစားပေးဆွေးနွေးရန်၊ ကုလသမဂ္ဂမျက်နှာစာတွင် လက်ရှိ လုပ်ဆောင်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား ပိုမို ခိုင်မာအားကောင်းအောင် လုပ်ဆောင်၍ အကာအကွယ်ပေးရေးဆိုင်ရာ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန်၊ ကုလသမဂ္ဂအဖွဲ့အစည်းတွင် အရင်းအမြစ်ဆိုင်ရာ ကျပ်တည်းမှုများဖြစ်ပေါ်လျက်ရှိသော်လည်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်ရန်၊ အထူးသဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်မှ အပ်နှင်းသည့် ဝတ္တရားတစ်ခုအဖြစ်မျှသာမဟုတ်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်တစ်ခုအဖြစ်ပါ သတ်မှတ် စောင့်ထိန်းကျင့်သုံးရန်၊ သံတမန်နည်းနာ၊ ကြားဝင်စေ့စပ်ဖြန်ဖြေရေးနှင့် ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့အား အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးအတွက် အသုံးချရမည့် နည်းလမ်းများအဖြစ် သတ်မှတ်ရန်၊ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်မှုများကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် ဒုက္ခသည်များဥပဒေတို့နှင့်အညီ အဟန့်အတားမရှိ ရရှိစေရန်၊ အရပ်သားပြည်သူများအပေါ် ချိုးဖောက်မှုများကျူးလွန်သည့် တရားခံများအား စနစ်တကျ စုံစမ်းစစ်ဆေး၍ ဖမ်းဆီးထိန်းသိမ်းရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအား အလေးထားရန်နှင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးအတွက်လုပ်ဆောင်နေကြသည့် ဒေသခံများနှင့် ပြည်တွင်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တာဝန်ခံ များထံသို့ စီမံခန့်ခွဲရလွယ်ကူသော ငွေကြေးထောက်ပံ့မှုများ ပေးအပ်ရန် ကတိကဝတ်ပြုထားပါသည်။
၄။ အဆိုပါ ထုတ်ပြန်ခဲ့သည့် “ပြုပြင်ပြောင်းလဲမှုများနှင့် ကန့်သတ်ချက်များအကြား အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး ကတိကဝတ်များ” (အင်္ဂလိပ် ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့







