top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, during the General Discussion on the theme “Forests and Economies” at the International Day of Forests

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 2 days ago
  • 4 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, during the General Discussion on the theme “Forests and Economies” at the International Day of Forests, held on 24 March 2026


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် အခမ်းအနား၌

"သစ်တောများနှင့် စီးပွားရေး" ခေါင်းစဉ်ဖြင့် ကျင်းပသော အထွေထွေ ဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ၏ စုစုပေါင်းမြေဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ကို သစ်တော သယံဇာတများက ဖုံးလွှမ်းလျက်ရှိပြီး ယခင်က ၇၀ ရာခိုင်နှုန်းကျော်အထိ ဖုံးလွှမ်းမှုရှိခဲ့၊


အကြမ်းဖက်စစ်အုပ်စုသည် သစ်တောပြုန်းတီးမှုနှင့် နိုင်ငံတော်၏ သယံဇာတများ တရားမဝင် ထုတ်ယူမှုများ ပြုလုပ်သည့်အပြင် အရပ်သားပြည်သူများနေထိုင်ရာဒေသများရှိ ရွာများ၊ လယ်ယာမြေများနှင့် သီးပင်၊ စားပင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်လက်မီးရှို့ ဖျက်ဆီးမှုများကို ဆောင်ရွက်လျက်ရှိ၊


ယခုအခါ သစ်တောများသည် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုက နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုများဘေးအန္တရာယ်မှ လုံခြုံစွာခိုလှုံရာ “အမိုးအကာ” တစ်ခုအဖြစ်လည်းကောင်း၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအတွက် ယာယီ"အိုးအိမ်" တစ်ခုအဖြစ်လည်းကောင်း၊ လူငယ်များနှင့် ကလေးသူငယ်များအတွက် ပညာသင်ကြားရာနေရာတစ်ခုအဖြစ်လည်းကောင်း ဖြစ်လာခဲ့၊


နိုင်ငံအဆင့်မှ စတင်ပြောင်းလဲနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်လည်း

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂတို့၏ ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုကို လိုအပ်၊


မြန်မာနိုင်ငံအတွက်မူ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုရှိရေးတို့သည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နောင်လာမည့် မျိုးဆက်များအတွက် သစ်တောများ၏ အလားအလာအပြည့်အဝကို

ဖွင့်ဟဖော်ဆောင်ရာတွင် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်)


၁။ ၂၁-၃-၂၀၂၆ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၂၀၂၆ ခုနှစ် နိုင်ငံတကာ သစ်တောများနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ၊ စီးပွားရေးနှင့် လူမှုရေးရာ ဦးစီးဌာန (Department of Economic and Social Affairs - DESA) နှင့် ကုလသမဂ္ဂသစ်တောများဆိုင်ရာ ဖိုရမ် (United Nations Forum on Forests - UNFF) အတွင်းရေးမှူးရုံးတို့ ပူးတွဲ ကျင်းပသော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၄-၃-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျွမ်းကျင်သူများမှ ဆွေးနွေးပြောကြားမှု ဦးစွာပြုလုပ်၍ မြန်မာ နိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၂၄) နိုင်ငံနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အထွေထွေဆွေးနွေးမှု ခေါင်းစဉ်အောက်မှ မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။


၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားသည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-


(က) သစ်တောနှင့် စီးပွားရေးတို့သည် အပြန်အလှန် ချိတ်ဆက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံ၏ စုစုပေါင်းမြေဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ကို သစ်တောသယံဇာတများက ဖုံးလွှမ်းလျက်ရှိပြီး ယခင်က ၇၀ ရာခိုင်နှုန်းကျော်အထိ ဖုံးလွှမ်းမှုရှိခဲ့ပါကြောင်း၊


(ခ) မြန်မာနိုင်ငံရှိ သစ်တောများသည် ပြည်သူလူထု၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ဖြည့်ဆည်းပေးရာတွင်လည်းကောင်း၊ ဒေသတွင်း စားနပ်ရိက္ခာစနစ်များ ဖြည့်တင်းပေးရာတွင် လည်းကောင်း၊ ကျေးလက်လူမှုအသိုက်အဝန်းများကို ထောက်ပံ့ရာတွင်လည်းကောင်း၊ နိုင်ငံ၏ အလုံးစုံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရာတွင်လည်းကောင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊


(ဂ) တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံသည် သစ်တောကဏ္ဍတွင် သစ်တောပြုန်းတီးမှုမှနေ စိုက်ပျိုး မြေယာယိုယွင်းပျက်စီးမှုအထိ ဖြစ်ပေါ်နေသည့်ကြီးမားသောစိန်ခေါ်မှုမျိုးကို  ရင်ဆိုင်နေရပြီး အဆိုပါ ဖြစ်ရပ်သည် ဆယ်စုနှစ်များစွာ သယံဇာတများကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်း၊ မြေယာစီမံခန့်ခွဲမှုလွဲမှားခြင်း၊ စစ်အာဏာရှင်အုပ်စုတွင်အမြစ်တွယ်ကာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည့် အဂတိလိုက်စားသည့် ယဉ်ကျေးမှုနှင့် ခရိုနီစနစ်တို့ကြောင့် ဖြစ်ပါကြောင်း၊


(ဃ) ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ လက်ထက်တွင် ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ်ဖွံဖြိုးရေး ရည်မှန်းချက်များနှင့်အညီ မြန်မာ့ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောက်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေ၊ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ခဲ့ပြီးထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ အားကောင်းစေခြင်းနှင့် တရားမဝင် သစ်ခိုးထုတ်မှုအပေါ် အရေးယူဆောင်ရွက်မှုများ တိုးမြှင့်ခြင်းတို့ ပါဝင်ခဲ့ပါကြောင်း၊


(င) သို့ရာတွင် ၂၀၂၁ ခုနှစ်တွင် ပေါ်‌ပေါက်ခဲ့သည့် တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ တရားဥပဒေစိုးမိုးရေးနှင့် သစ်တောသယံဇာတအပေါ် အရပ်သားအစိုးရက ကြီးကြပ်စီမံခန့်ခွဲခွင့် ကို ပြိုလဲသွားစေခဲ့ပါကြောင်း၊ ဥပမာအားဖြင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ တိုက်ဖျက်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာအဖွဲ့ (Global Initiative Against Transnational Organized Crime) က အကြမ်းဖက်စစ်အာဏာရှင်အုပ်စုသည် တရားမဝင်သစ်မှောင်ခိုစီးဆင်းမှုကို လွယ်ကူ ချောမွေ့စေပြီး အဆိုပါ မှောင်ခိုလုပ်ရပ်မှတစ်ဆင့် အကျိုးအမြတ်များ ရယူလျက်ရှိကြောင်း၊


(စ) အကြမ်းဖက်စစ်အုပ်စုသည် သစ်တောပြုန်းတီးမှုနှင့် နိုင်ငံတော်၏ သယံဇာတများ တရားမဝင် ထုတ်ယူမှုများပြုလုပ်သည့်အပြင် အရပ်သားပြည်သူများနေထိုင်ရာဒေသများရှိရွာများ၊ လယ်ယာ မြေများနှင့် သီးပင်၊ စားပင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်လက်မီးရှို့ဖျက်ဆီးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့်  ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူ ၃.၆ သန်းကျော် ရှိလာပြီဖြစ်ပါကြောင်း၊


(ဆ) ယခုအခါ သစ်တောများသည် အကြမ်းဖက်စစ်အာဏာရှင်အုပ်စုက နေ့စဉ်ရက်ဆက်ပြုလုပ် နေသည့် လေကြောင်းတိုက်ခိုက်မှုများဘေးအန္တရာယ်မှ လုံခြုံစွာခိုလှုံရာ “အမိုးအကာ” တစ်ခု အဖြစ် လည်းကောင်း၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများအတွက် ယာယီ "အိုးအိမ်" တစ်ခု အဖြစ်လည်းကောင်း၊ လူငယ်များနှင့် ကလေးသူငယ်များအတွက် ပညာသင်ကြားရာနေရာတစ်ခု အဖြစ်လည်းကောင်း ဖြစ်လာခဲ့ပါကြောင်း၊


(ဇ) တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသော်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သည် Forest Trends နှင့် ပူးပေါင်းကာ ဂြိုဟ်တုသတိပေးချက်များနှင့် ဒေသခံအရာရှိများ၏ ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများကို အသုံးပြု၍ ကာကွယ်ထားသော သစ်တောဧရိယာ ဟက်တာ ၁ သန်းကျော်ကို စောင့်ကြည့်ကြပ်မတ်လျက် ရှိပါကြောင်း၊၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကိုးလတာကာလအတွင်း အဆိုပါစနစ်က သစ်တောပြုန်းတီးမှုဆိုင်ရာ သတိပေးချက်ပေါင်း ၅၅,၃၄၀ ခုကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး၊ နေရာပေါင်း ၂၀၉ ခုကို စုံစမ်းစစ်ဆေးခဲ့ကာ တရားမဝင် သတ္တုတူးဖော်ရေးလုပ်ငန်းများပိတ်သိမ်းခြင်းနှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊


(ဈ) ယနေ့ကဲ့သို့ နိုင်ငံတကာသစ်တောများနေ့ကို ဂုဏ်ပြုကျင်းပသည့် အချိန်ခါဿမယတွင် သစ်တောများသည် ခံနိုင်ရည်ရှိပြီး စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော ပင်မစီးပွားရေးစနစ် အဖြစ်ထားရှိနိုင်ရန် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ချဲ့ထွင် ရန် လိုအပ်ကြောင်းကို အလေးပေးပြောကြားလိုပါကြောင်း၊


(ည) နိုင်ငံအဆင့်မှ စတင်ပြောင်းလဲနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံတကာ အသိုက်အဝန်းနှင့် ကုလသမဂ္ဂတို့၏ ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုကို လိုအပ်လျက်ရှိပါကြောင်း၊


(ဋ) မြန်မာနိုင်ငံအတွက်မူ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး၊ ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုရှိရေးတို့သည် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နောင်လာမည့်မျိုးဆက်များအတွက် သစ်တောများ၏အလားအလာ အပြည့်အဝကို ဖွင့်ဟဖော်ဆောင်ရာတွင် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative

of the Republic of the Union of Myanmar to the United Nations,

during the General Discussion on the theme “Forests and Economies”

at the International Day of Forests


(New York, 24 March 2026)


Madam Moderator,


I wish to thank UNFF for organizing this event and the speakers for their valuable contributions.

Forests and economies are intertwined. Over 42% of the total land area of Myanmar is covered by forest resources. It used to be over 70%. Forests in Myanmar play a critical role in providing livelihoods, strengthening local food systems, supporting rural communities and contributing to the nation’s overall economy.

At the same time, Myanmar faces significant challenges in forestry sectors from deforestation to land degradation due to decades of overharvesting, illegal logging, land mismanagement, pervasive culture of corruption and entrenched cronyism perpetuated by the military junta.

During its tenure, the elected civilian government undertook efforts to transform our legal, institutional and policy frameworks to protect the natural environment and ecosystem, including strengthened conservation efforts and increased enforcement against illegal logging, under the Myanmar Sustainable Development Plan in line with the SDGs.

Unfortunately, the 2021 illegal military coup has dismantled the rule of law and civilian oversight of forest resources in Myanmar.

For example, the Global Initiative Against Transnational Organized Crime reported that the military junta has facilitated and profited from the illicit flow of timber.

In addition to deforestation and extraction of the country’s resources, the military junta continues to burn villages, farms, and vegetation in civilian areas. Over 3.6 million people are internally displaced.

Now, forests have become a safe shelter from the military junta’s ongoing airstrikes, a temporary “home” for the displaced population, and a learning space for our youth and children.


Madam Moderator,

Despite facing many challenges from the illegal coup, the Ministry of Natural Resources and Environmental Conservation of the National Unity Government (NUG) partnered with Forest Trends to monitor more than 1 million hectares of protected forests by using satellite alerts and field investigations from local officers. Over nine months from 2024 to 2025, the system detected 55,340 deforestation alerts and investigated 209 hotspots, leading to enforcement actions, including shutting down illegal mining operations and engaging with communities.

As we observe the International Day of Forests, Myanmar underscores the need to scale up policies, partnerships and investments that place forests at the heart of resilient and sustainable economies.

To change starting from the national level, the people also need strong effective support from the international community and the UN.

For Myanmar,the restoration of democracy, the rule of law,peace and stability along with people-centered governance is fundamentalto unlocking the full potential of forests for sustainable development and for futher generations.


I thank you.



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page