Intervention by Ambassador Kyaw Moe Tun, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue with High Commissioner for Human Rights





Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue with High Commissioner for Human Rights, held on 14 October 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင်
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပြောကြားသည့် အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Türk က မြန်မာအရေးနှင့်ပတ်သက်လာလျှင်
ပြောကြားရန် အခွင့်အရေးရှိသည့်အခါတိုင်း၌ မြန်မာအရေးကိစ္စသည် နိုင်ငံတကာအတွက် ကြီးမားသော စိုးရိမ်ဖွယ်ရာ အကျပ်အတည်းဖြစ်သည်ဟု အမြဲထောက်ပြပြောကြားပေးသည့်အပေါ် လေးလေးနက်နက် ကျေးဇူးတင်၊
စစ်အုပ်စုအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြောက်တရား လွှမ်းမိုးစေမည့်
ထိုးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် အရိပ်အမိုးကို အလွဲသုံးစား အကာအကွယ်ယူကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ဗြောင်ကျကျနှင့် ရဲရဲတင်းတင်းပင် ကျူးလွန်နေ၊
ထို့ပြင် စစ်အုပ်စုက မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးခဲ့သောကြောင့် ယခုအခါ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာဗဟိုချက်အဖြစ် ပြောင်းလဲလာပြီး
ဒေသတွင်းနှင့် အခြားနိုင်ငံများသို့ပါ မကြုံစဖူးသောမတည်ငြိမ်မှုကို ဖန်တီးပေးလျက်ရှိ၊
အချို့နိုင်ငံများအနေဖြင့် အဆိုပါ ရာဇဝတ်သားများနှင့် ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံရန်
ကြိုးပမ်းလျက်ရှိ၊ ထိုသို့သော အပြုအမူများကြောင့် စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံရှိ အရင်းအမြစ်များအား ၎င်းတို့၏ တစ်ကိုယ်စာအကျိုးစီးပွားအတွက် အသုံးချ၍ မြန်မာပြည်သူများအပေါ်တွင် ပိုမိုအကြမ်းဖက်လာစေရန် လှုံ့ဆော်ပေးရာရောက်၊
မြန်မာပြည်သူများအနေဖြင့် တာဝန်ခံမှုရှိရေးအား အစဉ်တစိုက် တောင်းဆိုလာခဲ့၊
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ မြန်မာအရေးကိစ္စတစ်စုံလုံးအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ တင်သွင်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တိုက်တွန်းချက်ကို မိမိ ထပ်လောင်း ထောက်ခံလို၊
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက “မြန်မာအရေးကိစ္စသည် နိုင်ငံတကာအသိုက်အဝန်းမှ ပြောင်းလဲရေးအား လိုလားသည့်ဆန္ဒအပေါ် စမ်းသပ်သည့် စာမေးပွဲတစ်ခုဖြစ်ပြီး ထိတွေ့ဆက်ဆံမှုများသည် အရေးကြီးသော်လည်း လူ့အခွင့်အရေးကို အခြေပြုသော ထိတွေ့ဆက်ဆံမှုများ ဖြစ်ရမည်” ဟု ပြောကြားခဲ့၊ အဆိုပါ ပြောကြားချက်ကို မိမိတို့ အပြည့်အဝထောက်ခံ၊
အဖွဲ့ဝင်နိုင်ငံများမှ အဆိုပါ ချဉ်းကပ်မှုနည်းနာတိုင်း စစ်မှန်၊ ပြည့်ဝစွာ လက်ခံကျင့်သုံး၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လာစေရန် မိမိတို့အနေဖြင့်
မည်သို့ လုပ်ဆောင်သင့်သည်ကို မေးမြန်းလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)
၁။ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန် ဆွေးနွေးပြောကြားသည့် အစီအစဉ်ကို ၁၄-၁၀-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၅၀) ကျော် ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။
၂။ အစီအစဉ်တွင် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Turk က ကမ္ဘာပေါ်တွင်မတည်ငြိမ်မှုများ ပုံစံအမျိုးမျိုးဖြင့် အထင်အရှားဖြစ်ပေါ်လျက်ရှိခြင်းနှင့် နောက်ဆက်တွဲအားဖြင့် နိုင်ငံတကာမှ တန်ဖိုးထားသည့်စံနှုန်းများအပေါ်ထိခိုက်စေမှုတို့ကို အကျဉ်းချုံ့ပြောကြား၍ အဆိုပါပြဿနာများအတွက် လူ့အခွင့်အရေးက အဖြေထုတ်ပေးနိုင်သည်ဟူသောအချက်နှင့် UN Office of the High Commissioner for Human Rights (OHCHR) မှ ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် ဖော်ဆောင်နေသည့်လုပ်ရှားမှုများကို အကျယ်ချဲ့ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် မြန်မာအရေးကိစ္စအား ပြောကြားရာတွင် စစ်အုပ်စုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုကျူးလွန်လျက်ရှိကြောင်းနှင့် ရိုဟင်ဂျာဒုက္ခသည် (၁)သန်းကျော်အနေဖြင့် နေရပ်သို့ ဘေးကင်း လုံခြုံစွာ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသည့် အခြေအနေတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
၃။ သို့ဖြစ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း အောက်ပါအဓိကအချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်-
(က) ယနေ့တတိယကော်မတီ၌ ဆွေးနွေးပေးသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအား ကျေးဇူးအထူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် ၎င်းနှင့်၎င်း၏အဖွဲ့တို့က မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့်အကျပ်အတည်းအပါအဝင် ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်နေသော ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် မမှိတ်မသုန်အားထုတ်ပေးလျက်ရှိခြင်းအပေါ် အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊
(ခ) အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Türk က မြန်မာအရေးနှင့် ပတ်သက်လာလျှင် ပြောကြားရန် အခွင့်အရေးရှိသည့်အခါတိုင်း၌ မြန်မာအရေးကိစ္စသည် နိုင်ငံတကာ အတွက် ကြီးမားသော စိုးရိမ်ဖွယ်ရာ အကျပ်အတည်းဖြစ်သည်ဟု အမြဲထောက်ပြပြောကြားပေးသည့်အပေါ် လေးလေးနက်နက် ကျေးဇူးတင်ရှိပါကြောင်း၊
(ဂ) မိမိအနေဖြင့် ၂၀၂၁ ခုနှစ် မှစတင်ကာ တတိယကော်မတီတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်တိုင်း၌ ပါဝင်၍ ဆွေးနွေးခဲ့ရာ ယခုတစ်ကြိမ်သည် (၆) ကြိမ်မြောက် ပြောကြားခြင်းဖြစ်ကြောင်း၊
(ဃ) ထိုသို့ဆွေးနွေးခဲ့သည့် အကြိမ်တိုင်းတွင်လည်း အပြည်ပြည်ဆိုင်ရာဥပဒေအား ကြီးလေးစွာ ချိုးဖောက်နေသည့် လူမဆန်သော စစ်မိစ္ဆာလက်အောက်တွင် မိမိတို့ပြည်သူများ ရင်ဆိုင်နေရသည့်ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများကို မိမိအနေဖြင့် ကျယ်လောင်စွာပြောကြားခဲ့ကြောင်း၊
(င) ထို့နည်းတူ မြန်မာနိုင်ငံရှိ အကျပ်အတည်းဖြစ်စဉ် အပြီးတိုင် အဆုံးသတ်စေရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်စွာ ကူညီပေးရန်လည်း ထပ်ခါတလဲလဲ တောင်းဆို ခဲ့ပြီးဖြစ်ကြောင်း၊
(စ) သို့ရာတွင် နိုင်ငံတကာ၏ မြန်မာ့အရေးဖြေရှင်းမှုမှာ ယနေ့တိုင်ဝေဝါးနေပြီး မြေပြင် အခြေအနေ ကသာ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာနေကြောင်း၊
(ဆ) စစ်အုပ်စုအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြောက်တရား လွှမ်းမိုးစေမည့် ထိုးစစ်ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်အရိပ်အမိုးကို အလွဲသုံး စားအကာအကွယ်ယူကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ဗြောင်ကျကျနှင့် ရဲရဲတင်းတင်းပင် ကျူးလွန်နေကြောင်း၊
(ဇ) ထို့ပြင် စစ်အုပ်စုက မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးမှုကိုဖျက်ဆီးခဲ့သောကြောင့် ယခုအခါ မြန်မာ နိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပျော်စံရာဗဟိုချက်အဖြစ် ပြောင်းလဲလာပြီး ဒေသတွင်းနှင့် အခြားနိုင်ငံများသို့ပါ မကြုံစဖူးသော မတည်ငြိမ်မှုကို ဖန်တီးပေးလျက်ရှိကြောင်း၊
(ဈ) သို့သော်လည်း နိုင်ငံတကာထံမှ အရေးယူဆောင်ရွက်ချက်များမှာ တုံ့ဆိုင်းနေပြီး မြန်မာ့အရေးကိစ္စအပေါ် အာရုံစိုက်မှုသည်ပင်လျှင် မှေးမှိန်လာနေကြောင်း၊
(ည) ပိုဆိုးသည်က အချို့နိုင်ငံများအနေဖြင့် အဆိုပါရာဇဝတ်သားများနှင့် ပုံမှန်အတိုင်း ထိတွေ့ ဆက်ဆံရန် ကြိုးပမ်းလျက်ရှိကြောင်း၊
(ဋ) ထိုသို့သောအပြုအမူများကြောင့် စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံရှိအရင်းအမြစ်များအား ၎င်းတို့ ၏တစ်ကိုယ်စာအကျိုးစီးပွားအတွက် အသုံးချ၍ မြန်မာပြည်သူများအပေါ်တွင် ပိုမိုအကြမ်းဖက် လာစေရန် လှုံ့ဆော်ပေးရာရောက်ကြောင်း၊
(ဌ) လက်တွေ့တွင် မိမိတို့မြန်မာပြည်သူများအနေဖြင့် တာဝန်ခံမှုရှိရေးအား အစဉ်တစိုက် တောင်းဆိုလာခဲ့ကြောင်း၊
(ဍ) မြန်မာနိုင်ငံတွင် (၈,၅၀၀) ကျော်သော ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြီး (၁၅,၀၀၀) ကျော်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေမှာလည်း မြင့်တက်သည်ထက်မြင့်တက်လာနေပြီး ဒုက္ခသည်များနှင့် ရိုဟင်ဂျာများ၏ဒုက္ခဆင်းရဲမှာလည်း ခိုင်းနှိုင်း ဖွယ်ရာ စကားလုံးပင် မရှိတော့ကြောင်း၊
(ဎ) ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလုယူဖျက်ဆီးခံခဲ့ရပြီး ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် နေ့စဉ်ကျင်လည်နေကြရကြောင်း၊
(ဏ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာရန် တောင်းဆိုနေခြင်းသည် ကျွဲပါးစောင်းတီးနေခြင်းသာဖြစ်သည်ဟု အလေးအနက်ထား ပြောကြားလိုကြောင်း၊
(တ) အဆိုပါ စစ်အာဏာရှင်များသည် သံတမန်နည်းလမ်းများအရ ဆွေးနွေးနားချခြင်းများကို စိုးစဉ်းမျှ နားထောင်မည့်သူများ မဟုတ်သည့်အချက်ကို မိမိတို့ မမေ့လျော့သင့်ကြောင်း၊
(ထ) ၎င်းတို့အနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်နှင့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၂၆၆၉ တို့အပေါ် ယနေ့တိုင် အကောင်အထည်ဖော်ခြင်း မရှိကြောင်း၊
(ဒ) ယနေ့အချိန်အထိမြန်မာအရေးကိစ္စအားဖြေရှင်းရန် လုံလောက်သောကြိုးပမ်းအားထုတ်မှု မရှိ နေခြင်းက သံသယဖြစ်ဖွယ်ရာ မရှိကြောင်း၊
(ဓ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့ ပြည်သူများ နားလည်မှု မလွဲမှားစေရေး သတိချပ်ဆောင်ရွက်ပေးရန် မိမိ တောင်းဆိုလိုကြောင်း၊
(န) ကုလသမဂ္ဂ အဖွဲ့အစည်းမှ အပြည်ပြည်ဆိုင်ရာဥပဒေ၊ ကုလသမဂ္ဂပဋိညာဉ်နှင့် လူ့အခွင့်အရေး စံနှုန်းများအပေါ်ထားရှိသော လေးစားလိုက်နာမှုသည် စာရွက်ပေါ်ကစာသားလှလှလေးများမျှသာ ဖြစ်သည်ဟု ကမ္ဘာက မထင်မြင်စေရန် မိမိတို့ ဂရုပြုသင့်ကြောင်း၊
(ပ) သို့ဖြစ်ရာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးမှ မြန်မာအရေးကိစ္စတစ်စုံလုံးအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တင်သွင်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တိုက်တွန်းချက်ကို မိမိ ထပ်လောင်း ထောက်ခံလိုကြောင်း၊
(ဖ) လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအနေဖြင့် ပြီးခဲ့သော စက်တင်ဘာလအတွင်းက ကျင်းပခဲ့သော Enhanced Interactive Dialogue on Myanmar တွင် “မြန်မာအရေးကိစ္စသည် နိုင်ငံတကာအသိုက်အဝန်းမှ ပြောင်းလဲရေးအား လိုလားသည့်ဆန္ဒအပေါ် စမ်းသပ်သည့် စာမေးပွဲ တစ်ခုဖြစ်ပြီး ထိတွေ့ဆက်ဆံမှုများသည် အရေးကြီးသော်လည်း လူ့အခွင့်အရေးကို အခြေပြုသော ထိတွေ့ဆက်ဆံမှုများ ဖြစ်ရမည်” ဟု ပြောကြားခဲ့ကြောင်း၊
(ဗ) အဆိုပါ ပြောကြားချက်ကို မိမိတို့ အပြည့်အဝ ထောက်ခံပါကြောင်း၊
(ဘ) သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများမှ အဆိုပါချဉ်းကပ်မှုနည်းနာတိုင်း စစ်မှန်၊ ပြည့်ဝစွာ လက်ခံကျင့်သုံး၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လာစေရန် မိမိတို့အနေဖြင့် မည်သို့ လုပ်ဆောင်သင့်သည်ကို မေးမြန်းလိုကြောင်း။
(ပါဝင်ဆွေးနွေးပြောကြားသည့် နိုင်ငံများပြား၍ အချိန်အကန့်အသတ်ရှိသောကြောင့် အချို့သော အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးချက်အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations, at the Third Committee of the Eighty-first Session of the UN General Assembly: Interactive Dialogue with High Commissioner for Human Rights
(New York, 14 October 2026)
Mr. Chair,
Myanmar expresses gratitude to High Commissioner Mr. Türk for addressing the committee today.
We deeply appreciate the dedicated work of the High Commissioner and his team regarding the devastating human rights situations around the world, in particular the ongoing crisis in Myanmar.
Myanmar particularly thanks him for consistently emphasizing on every occasion that the human rights crisis in Myanmar remains a matter of greatest international concern.
Mr. Chair, Mr. High Commissioner,
This is my sixth address to this very committee, since 2021, during the interactive dialogue with the High Commissioner for Human Rights.
Each year, I have reported on the dire human rights situation faced by our people under the grave violations of international law committed by the heinous Myanmar military. I have repeatedly appealed for effective action from the international community to help end the crisis in Myanmar.
However, to this date, results remain elusive, and the conditions on the ground only worsen.
The junta continues to launch an offensive campaign of terror against innocent civilians and perpetuate war crimes and crimes against humanity, acting with blanket impunity, in the most blatant manner.
Furthermore, the region and beyond have become unprecedentedly unstable due to the lack of rule of law under the junta which has turned Myanmar into a major hub for transnational crimes.
Yet, international action is stalled and attention on Myanmar is fading.
On the contrary, some are even taking steps to normalize relations with these criminals.
Such developments only embolden the military junta to exploit resources for their own interests and commit further atrocities against the people of Myanmar.
Mr. Chair, Mr. High Commissioner,
Our people in Myanmar consistently ask for accountability.
Because more than 8,500 have lost their lives and over 15,000 still arbitrarily detained. The number of displaced persons continues to spike and the plight of refugees and Rohingya people remains unspeakable.
Democracy has been stolen and people live their lives in constant peril.
I must stress that international community’s call on the military junta to respect international law continue to fall on deaf ears.
We must bear in mind that these perpetrators are completely immune to diplomatic persuasion.
Neither ASEAN’s 5PC nor Security Council Resolution 2669 have been implemented.
No doubt Efforts to resolve the crisis in Myanmar are already insufficient. I ask the international community not to send a wrong message to our people. We must not show the world that the UN’s profound devotion to international law, the UN Charter, and human rights standards is merely beautiful text on paper.
Mr. High Commissioner,
I echo your call on the Security Council to refer the whole situation of Myanmar to the ICC.
Moreover, in your address during the Enhanced Interactive Dialogue on Myanmar in September, you have underscored that “Myanmar is testing the credibility of the international community’s expressed desire for change, and engagement is important but must be founded on human rights.”
We fully agree with you.
My question to you is: How can we ensure that Member States genuinely adopt and enforce this approach?
Thank you.
*****












