top of page
  • Facebook Social Icon

Intervention by Ambassador Kyaw Moe Tun, at the First Regular Session 2026 of the UNDP/UNFPA/UNOPS Executive Board: Interactive Session with the UNFPA Executive Director

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • a few seconds ago
  • 3 min read

Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the First Regular Session 2026 of the UNDP/UNFPA/UNOPS Executive Board: Interactive Session with the UNFPA Executive Director, held on 4 February 2026


[Below Myanmar Text]

သတင်းအဖြစ်ထုတ်ပြန်ချက်


၂၀၂၆ ခုနှစ်ဆိုင်ရာ Executive Board of UNDP, UNFPA and UNOPS ၏ ပထမအကြိမ်ပုံမှန်အစည်းအဝေး၊ UNFPAအမှုဆောင်ညွှန်ကြားရေးမှူးနှင့်အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

အဓမ္မ စစ်အာဏာသိမ်းမှု (၅) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ၊ လူသားစာနာကျပ်တည်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် အချိုးမညီမျှစွာ ဆက်လက်ကျရောက်နေ၊


အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကို နိုင်ငံတစ်နံတစ်လွှားတွင်

တိုးမြှင့်ကျူးလွန်နေဆဲဖြစ်၊ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေမှာ

နှစ်စဉ်နှင့်အမျှ သာ၍ ဆိုးရွားလာလျက်ရှိ၊


နေရပ်စွန့်ခွာနေထိုင်သူ ၃.၆ သန်းခန့်ရှိနေပြီး ၈.၉ သန်းသော ပြည်သူများမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရန်မှ အကာအကွယ် အရေးတကြီး လိုအပ်လျက်ရှိ၊


မြန်မာနိုင်ငံတွင် မြင်တွေ့နေရသည့် ပကတိ အခြေအနေ အတိမ်အနက်က ပြဿနာအား အရေးတယူ၊ တိကျပြတ်သားစွာနှင့် အလေးထား ကိုင်တွယ်ရမည့် အချိန်တန်နေသည့်အချက်ကို ပြသနေ၊


မြန်မာပြည်သူများအနေဖြင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများအား

ရင်ဆိုင်နေရရုံမျှသာမဟုတ်ဘဲ တရားမဝင် အာဏာသိမ်းထားသည့် စစ်အုပ်စုမှ ရည်ရွယ်ချက် ရှိရှိ နည်းဗျူဟာချမှတ်ကာ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို

ကြံ့ကြံ့ခံ ဖြတ်သန်းနေရခြင်းဖြစ်၊


လူသားစာနာကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လည်ပတ်စေရေး လုပ်ဆောင်နိုင်ရန် စစ်အုပ်စုမှ လူသားစာနာအကူအညီများအား လက်နက်သဖွယ် အသုံးပြုနေသည့် ယန္တရားကို နိုင်ငံတကာအသိုက်အဝန်းမှ ဖြတ်တောက်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးရန် လိုအပ်၊


တစ်ချိန်တည်းမှာပင် စစ်အုပ်စုမှ ပိတ်ဆို့ထားသည့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများ၌ နေထိုင်နေသူများထံ အကူအညီများ ရောက်ရှိနိုင်စေရန် နယ်ခြားဖြတ်ကျော် ကူညီထောက်ပံ့မှုများကိုလည်း ခိုင်မာအားကောင်းအောင် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)


၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင်၂၀၂၆ ခုနှစ်ဆိုင်ရာExecutive Board of UNDP, UNFPA and UNOPS ၏ပထမအကြိမ်ပုံမှန်အစည်းအဝေး၊ UNFPA အမှုဆောင်ညွှန်ကြားရေးမှူး Ms. Diene Keita နှင့် အပြန်အလှန် ဆွေးနွေးသည့်အစီအစဉ်ကို ၄-၂-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။


၂။ အဆိုပါ အစည်းအဝေးတွင် Ms. Diene Keita က ၂၀၂၄ ခုနှစ်အတွင်း မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှု၊ ကျားမအခြေပြုအကြမ်းဖက်မှုကာကွယ်ရေးဝန်ဆောင်မှုနှင့် သားဆက်ခြား ပစ္စည်းများ လှူဒါန်းမှု စသည်တို့နှင့် စပ်လျဉ်း၍ လုပ်ဆောင်နိုင်ခဲ့သော အောင်မြင်မှုများ၊ ၂၀၂၅ ခုနှစ်အတွင်း၌ ရန်ပုံငွေ ဖြတ်တောက်ခံရမှုကြောင့် နောက်ဆက်တွဲ ရင်ဆိုင်နေရသည့် အကျပ်အတည်းများကို အဓိက ဆွေးနွေးခဲ့ပြီး လာမည့်နှစ်များ အတွင်း၌ ပြောင်းလဲလာသော လူဦးရေဆိုင်ရာ အခြေအနေများကို ရင်ဆိုင်နိုင်ရန် အားဖြည့်လုပ်ဆောင်ကာ ၂၀၂၆-၂၀၂၉ မဟာဗျူဟာစီမံကိန်းတွင် ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ကြိုးပမ်းဖော်ဆောင်သွားမည်ဟု ကတိပြုခဲ့ပါသည်။ ၎င်း၏ ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၂၅) နိုင်ငံခန့်မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။


၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က) လက်ရှိ ကမ္ဘာ့ရေးရာတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့်အချိန်အခါ၌ ယခုကဲ့သို့ အလွန် အရေးကြီးသောအကြောင်းအချင်းအရာအတွက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(United Nations Population Fund – UNFPA) အနေဖြင့် ပေးအပ်ထားသော တာဝန်များကို  မယိမ်းမယိုင်သော သန္နိဋ္ဌာန်ဖြင့် ဖော်ဆောင်လျက်ရှိသည့်အတွက် အဖွဲ့နှင့် အဖွဲ့သားများအား အထူးပင်ကျေးဇူးတင်ရှိသည်ဟု ပြောကြားလိုပါကြောင်း၊


(ခ) မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်  မတရားစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာခဲ့သော ပြင်းထန်ဆိုးရွားသည့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ယနေ့တိုင် အံတုလျက်ရှိသည့်အားလျော်စွာ “အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် အဆိုပါအကျပ်အတည်းများကာလအတွင်း၌ ကြီးမားစွာပေးဆပ်နေရသည်”ဟူသော အမှုဆောင် ညွှန်ကြားရေးမှူး၏ အကဲဖြတ်မှုကို အပြည့်အဝ ထောက်ခံပါကြောင်း၊


(ဂ) ပြီးခဲ့သောရက်ပိုင်းအနည်းငယ်အတွင်းကပင် အဓမ္မ စစ်အာဏာသိမ်းမှု (၅)နှစ် တင်းတင်း ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ထိုမျှ ကြန့်ကြာနေပြီးဖြစ်သည့် လူသားစာနာ ကျပ်တည်းမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် အချိုးမညီမျှစွာ ဆက်လက်ကျရောက်နေကြောင်း၊


(ဃ) ထိုသို့ တရားလက်လွတ် လုယူထားသည့် အကြမ်းဖက် စစ်အာဏာသိမ်းမှုကာလတစ်လျှောက် အကြမ်းဖက် စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၂,၆၀၀) ကျော်၊ ကလေးသူငယ် (၁,၃၀၀) ကျော်နှင့် လူငယ်လူရွယ် (၂,၇၀၀) ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊


(င) ယနေ့စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ သန်းပေါင်း (၂၂) သန်းခန့်အထိရှိနေပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁၀.၄ သန်းခန့်သော ဒုက္ခသည် ပြည်သူများမှာ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် LGBTIQ+ အုပ်စုတို့ ဖြစ်ကြောင်း၊


(စ) အဆိုပါ ကိန်းဂဏန်းများ ဤမျှ မြင့်တက်နေစေကာမူ အကြမ်းဖက် စစ်အုပ်စုက ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကို နိုင်ငံတစ်နံတစ်လွှားတွင် တိုးမြှင့်ကျူးလွန်နေဆဲဖြစ်ကြောင်း၊ သို့ဖြစ်ရာ အထက်တွင်ဖော်ပြခဲ့သည့် အုပ်စုများ၊ အထူးသဖြင့် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်နေသူများအပေါ် အကြမ်းဖက်နိုင်သည့်အန္တရာယ်မှာ ထိတ်လန့်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊


(ဆ)     Humanitarian Needs and Response Plan (HNRP) (၂၀၂၆ ခုနှစ်) တွင် မြန်မာနိုင်ငံသည် ပဋိပက္ခများ၊ ထပ်ခါတလဲလဲဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များနှင့် တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာသည့် စီးပွားရေးအခြေအနေတို့ကြောင့် မြန်မာနိုင်ငံ၏ လူသားချင်း စာနာမှုအခြေအနေမှာ နှစ်စဉ်နှင့်အမျှ သာ၍ ဆိုးရွားလာလျက်ရှိသည်ဟု ဖော်ပြထားကြောင်း၊


(ဇ)       ထို့ပြင် နေရပ်စွန့်ခွာနေထိုင်သူ ၃.၆ သန်းခန့်ရှိနေပြီး ၈.၉ သန်းသောပြည်သူများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရန်မှ အကာအကွယ် အရေးတကြီးလိုအပ်လျက်ရှိကြောင်း၊ ဆယ်ကျော်သက် မိန်းကလေးငယ်များနှင့် လူငယ်အမျိုးသမီးလေးများအနေဖြင့်လည်း ၎င်းတို့၏ လုံခြုံမှုနှင့် အနာဂတ်တို့အတွက်  မရှိမဖြစ် အရေးပါသည့် လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအသိပညာ ဗဟုသုတတို့ကို လက်လှမ်းမမီဘဲ ဆုံးရှုံးနေရကြောင်း၊


(ဈ) အဆိုပါ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ကျန်းမာရေးစနစ်တစ်ခု ပျက်သုဉ်းနေ

သည့်ဒဏ်ကို အလူးအလဲ ခါးစည်းခံနေရကြောင်း၊ ၎င်းတို့အတွက် အခြေခံကျသည့် လိင်နှင့် မျိုးပွားမှု ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတို့ ရယူရေးကပင် အသက်အန္တရာယ်အား ခြိမ်းခြောက်နိုင်သည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း၊


(ည) မြန်မာနိုင်ငံတွင် မြင်တွေ့နေရသည့် ပကတိ အခြေအနေ အတိမ်အနက်က ပြဿနာအား အရေး တယူ၊ တိကျပြတ်သားစွာနှင့် အလေးထား ကိုင်တွယ်ရမည့် အချိန်တန်နေသည့်အချက်ကို ပြသနေကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုး များအား ရင်ဆိုင်နေရရုံမျှသာမဟုတ်ဘဲ တရားမဝင် အာဏာသိမ်းထားသည့် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ နည်းဗျူဟာချမှတ်ကာ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ကြံ့ကြံ့ခံ ဖြတ်သန်းနေရခြင်းဖြစ်ကြောင်း၊


(ဋ) စစ်အုပ်စုကမူ လူသားစာနာ အကူအညီများအား ပိတ်ဆို့ခြင်း၊ ဆေးရုံအဆောက်အဦများအား ဖျက်ဆီးခြင်းနှင့် အသက်များအား ကယ်တင်ရန် ကြိုးပမ်းနေသည့် ကျန်းမာရေးဝန်ထမ်းများကိုပင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့အား ဆက်လက် လုပ်ဆောင်နေကြောင်း၊


(ဌ) သို့ဖြစ်ပါ၍ မိမိတို့မှ အဆိုပါ လူသားစာနာကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက် လည်ပတ်စေရေး လုပ်ဆောင်နိုင်ရန် စစ်အုပ်စုမှ လူသားစာနာအကူအညီများအား လက်နက် သဖွယ် အသုံးပြုနေသည့်ယန္တရားကို နိုင်ငံတကာအသိုက်အဝန်းမှ ဖြတ်တောက်ပေးခြင်းဖြင့် ပံ့ပိုး ကူညီပေးရန် လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာပင် စစ်အုပ်စုမှပိတ်ဆို့ထားသည့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများ၌ နေထိုင်နေသူများထံ အကူအညီများရောက်ရှိနိုင်စေရန် နယ်ခြားဖြတ်ကျော် ကူညီထောက်ပံ့မှုများကိုလည်း ခိုင်မာအားကောင်းအောင် လုပ်ဆောင်ပေးစေလိုကြောင်း၊


(ဍ) ဤနေရာတွင် မိမိအနေဖြင့် အလှူရှင်နိုင်ငံများအား ကျေးဇူးတင်လိုပါကြောင်း၊ သို့သော်လည်း ရန်ပုံငွေများ ဖြတ်တောက်ခံရခြင်းနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများကိုလည်း မိမိတို့ သိရှိပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အလှူရှင်နိုင်ငံများအနေဖြင့် ဆက်လက် အားဖြည့်ထည့်ဝင်ပေးရန်နှင့် စီမံခန့်ခွဲရလွယ်ကူသော ဘဏ္ဍာရေးယန္တရားများအား တည်ဆောက်ပေးရန်လည်း မေတ္တာရပ်ခံလိုပါကြောင်း၊ ဤနည်းအားဖြင့်သာ ဝန်ဆောင်မှုများအား မြေပြင်သို့ ထိရောက်စွာ စီးဆင်းနိုင်ရေးကို အာမခံပေးနိုင်မည်ဖြစ်ပါကြောင်း၊


(ဎ) UN80 Initiative ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော UNFPA နှင့် UN-Women ပေါင်းစပ် ဖွဲ့စည်းမှုအလားအလာနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား အသက်ရှင်နေထိုင်နိုင်ရေး ရှုထောင့်မှ ရှုမြင်သုံးသပ်ပါကြောင်း၊


(ဏ)     မိမိတို့အနေဖြင့် ကွဲပြားပြန့်ကျဲနေမှုများအား လျှော့ချလိုသည့် ရည်ရွယ်ချက်ကို ထောက်ခံပါ သော်လည်း ဘုတ်အဖွဲ့အနေဖြင့် ဂရုပြုလုပ်ဆောင်ရန် တိုက်တွန်းလိုပါကြောင်း၊


(တ) တိုက်ပွဲများ ဖြစ်ပေါ်နေသည့် ပဋိပက္ခဇုန်များတွင် မှီတင်းနေထိုင်နေရသည့် အမျိုးသမီးများ အတွက် ကုလသမဂ္ဂအေဂျင်စီများသည် အတိုကောက်စကားလုံးများသာမကဘဲ ၎င်းတို့၏ အသက်သွေးကြောများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သည့် ဖွဲ့စည်းပုံဆိုင်ရာ ကူးပြောင်းမှုတွင် မဆို နယ်ခြားဖြတ်ကျော် ကူညီထောက်ပံ့မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အနှောင့်အယှက် လုံးဝမရှိစေရန် အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အုပ်ချုပ်စီမံခန့်ခွဲမှုပိုင်း ဆိုင်ရာ ထိရောက်မှုရှိရေးနှင့် လက်တွေ့လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန်မပြတ်စေရေးအား လဲလှယ်ခြင်းကို လက်ခံနိုင်မည်မဟုတ်ပါကြောင်း၊ မြန်မာအမျိုးသမီးများအနေဖြင့် မြန်ဆန်သော၊ ရန်ပုံငွေပြည့်တင်းသော၊ မြေပြင်တွင် လက်တွေ့လုပ်ဆောင်နိုင်သော လုပ်ငန်းများကို လိုအပ်လျက်ရှိကြောင်း၊


(ထ) မိမိတို့ဘက်ကမူ အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ များနှင့် မြေပြင်ရှိ မိတ်ဖက်များအနေဖြင့် ကုလသမဂ္ဂစနစ်နှင့် အပြုသဘောဆောင်စွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုပါကြောင်း၊


(ဒ) အမှုဆောင်ညွှန်ကြားရေးမှူး၏ ၂၀၂၆ ခုနှစ်ဆိုင်ရာ မျှော်မှန်းချက်သည် စိန်ခေါ်မှု ပြင်းထန်သည့် အနေအထား၌ပင် အခွင့်အရေးများနှင့် ရွေးချယ်မှုများအား ခိုင်မာစေရမည်ဟူ၍ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိအမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် ၎င်းတို့ထံသို့ အကူအညီများနှောင့်နှေး ကြန့်ကြာမှုမရှိဘဲ ထိထိရောက်ရောက်နှင့် ချောချောမွေ့မွေ့ရောက်ရှိစေရန် ဤဘုတ်အဖွဲ့အား ယုံကြည်အားကိုးလျက်ရှိပါကြောင်း။


၄။ ထို့နောက် အမှုဆောင်ညွန်ကြားရေးမှူးကလည်း မြန်မာနိုင်ငံတွင် အကူအညီများ အရေးတကြီး လိုအပ်သည့်အခြေအနေ အမှန်တကယ် ဖြစ်ပေါ်နေသည့်အချက်ကို ၎င်းအနေဖြင့် ကောင်းစွာသိရှိကြောင်း၊ သို့ဖြစ်ရာ၎င်းတို့အဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိအမျိုးသမီးများနှင့်မိန်းကလေးငယ်များအတွက်လိုအပ်သည့် ဝန်ဆောင်မှုများထိရောက်စွာပေးအပ်နိုင်ရန်နှင့် မြေပြင်သို့အကူအညီများ စီးဆင်းနိုင်ရန် မိမိတို့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။


၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page