Intervention by Ambassador Kyaw Moe Tun, at the Commemoration of the International Day of Vesak 2026
- Myanmar Mission To UN

- 51 minutes ago
- 4 min read










Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar at the Commemoration of the International Day of Vesak 2026, held on 12 May 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်းအမှတ်အခမ်းအနား၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ကာ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက် ကျူးလွန်လာခဲ့ပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု
အလွန့် အလွန် ကြီးမားလာခဲ့၊
မြန်မာပြည်သူပြည်သားများအနေဖြင့် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရခြင်းမှသည် ဆင်းရဲနွမ်းပါးမှု၊ အခြေခံဝန်ဆောင်မှုများ သိသိသာသာ မရှိခြင်းနှင့် အပြစ်မဲ့ ပြည်သူမြောက်များစွာ၏ အသက်အိုးအိမ်များ ဆုံးရှုံးရသည်အထိ ဆင်းရဲဒုက္ခက ဆိုးရွားစွာ ကြီးထွားလာခဲ့၊
ထိုသို့ ခံစားနေရသည့်အကြားကပင် မိမိတို့ ပြည်သူများ၏ ကြံ့ခိုင်သော စိတ်ဝိညာဉ်သည် မယိုင်မနဲ့ သန်မာလျက်ရှိပြီး စစ်မှန်သော တရားဓမ္မနှင့် ငြိမ်းချမ်းရေးတို့ကို မျှော်မှန်း တောင့်တလျက်ရှိ၊
“ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည်သည် ငြိမ်းချမ်းရေးကို အထူး ငတ်မွတ်တောင့်တနေကြသည့် မြန်မာ ပြည်သူပြည်သားများအတွက် မျှော်လင့်ချက်နှင့် ခွန်အားတို့ကို သယ်ဆောင်ပေး၊ ထို့အပြင် အင်မတန် အင်အားကြီးမားသော သာဓကတစ်ခုဖြစ်ခါ
မိမိတို့ ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအား မေတ္တာတရား၊ အကြင်နာ၊ ကရုဏာတို့အတွက် တက်ကြွသော၊ မမောမပန်းသော အားစိုက်ထုတ်မှုရှိရမည်ဟု သတိပေးလိုက်ခြင်းပင်ဖြစ်၊
ငြိမ်းချမ်းရေးအတွက် အပြောဖြင့်မဟုတ်ဘဲ အမှန်တကယ် အတူတကွ လျှောက်လှမ်းခြင်းဖြင့် လုပ်ဆောင်ကြရန်၊ မြန်မာပြည်သူများ အပါအဝင် အကျပ်အတည်း ဒုက္ခများအတွင်း
ကျရောက်နေသူများအားလုံးကို အမြဲတစေ စိတ်နှလုံးသွင်းပေးကြရန် တိုက်တွန်း နှိုးဆော်လို၊
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးကြပါရန် နှင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းသော၊ ရေရှည်တည်တံ့သော၊ သာယာဝပြောသော၊ တရားမျှတသော၊ အားလုံးပါဝင်သော အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက်လည်း ပိုမို အားကောင်းသော၊ ထိရောက်သည့် အကူအညီများ ပေးအပ်ကြရန် တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်)
၁။ ကုလသမဂ္ဂဆိုင်ရာ သီရိလင်္ကာနှင့် ထိုင်းအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ ဦးဆောင်ကြီးမှူး၍ ၂၀၂၆ ခုနှစ်၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားကို ၁၂-၅-၂၀၂၆ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ (၁၅၀၀) နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၌ ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည် ကို ဦးဆောင်သူ ဆရာတော် ဘိက္ခုပညာကာရ (Venerable Bhikkhu Paññākāra) နှင့် အဆိုပါခရီးစဉ်တွင် ပါဝင်ခဲ့သည့် ဘုန်းတော်ကြီးများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။ “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ပါဝင်ခဲ့သည့် တက္ကဆပ်ပြည်နယ်မှ မြန်မာဘုန်းတော်ကြီး အရှင်သီလနန္ဒာ အပြင်၊ နယူးယောက်မြို့မှ မြန်မာ ဘုန်းတော်ကြီး အရှင်ပါရမ နှင့် ဗဂျင်းနီးယားပြည်နယ်မှ မြန်မာဘုန်းတော်ကြီး အရှင်ကုမုဒါတို့သည်လည်း အဆိုပါအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ ပို့ချသည့် ဗုဒ္ဓတရားတော်အဆုံးအမများကို နာယူခဲ့ ကြပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ဤအစီအစဉ်ဖြစ်မြောက်ရေး ဦးဆောင်စီမံပေးခဲ့ကြသည့် သီရိလင်္ကာနှင့် ထိုင်း အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊
(ခ) ယနေ့အချိန်အခါ၌ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးမျိုးသော ဆင်းရဲဒုက္ခအကျပ် အတည်းများကို ရင်ဆိုင်ဖြေရှင်းနေရပြီး လူသားဆန်ခြင်းက အဆုံးအစွန်သော အန္တရာယ်သို့ ကျရောက်နေချိန်တွင် ဗုဒ္ဓနေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ လူသားဆန်မှု၊ သတိချပ်မှု၊ တုနှိုင်းမဲ့ မေတ္တာနှင့် အကြမ်းမဖက်ခြင်း အဆုံးအမများကို မိမိတို့အား ပြန်လည်သုံးသပ်စေသည့် အချိန်အခါပင် ဖြစ်ကြောင်း၊
(ဂ) သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ကာ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက်ကျူးလွန်လာခဲ့ပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန့် အလွန်ကြီးမားလာခဲ့ကြောင်း၊
(ဃ) အထူးသဖြင့် မြန်မာပြည်သူပြည်သားများအနေဖြင့် အတင်းအကျပ် နေရပ်စွန့်ခွာနေထိုင်ရခြင်း မှသည် ဆင်းရဲနွမ်းပါးမှု၊ အခြေခံဝန်ဆောင်မှုများ သိသိသာသာ မရှိခြင်းနှင့် အပြစ်မဲ့ ပြည်သူ မြောက်များစွာ၏ အသက်အိုးအိမ်များ ဆုံးရှုံးရသည်အထိ ဆင်းရဲဒုက္ခက ဆိုးရွားစွာ ကြီးထွား လာခဲ့ကြောင်း၊
(င) ထိုသို့ခံစားနေရသည့်အကြားကပင် မိမိတို့ပြည်သူများ၏ကြံ့ခိုင်သောစိတ်ဝိညာဉ်သည် မယိုင်မနဲ့သန်မာလျက်ရှိပြီး စစ်မှန်သောတရားဓမ္မနှင့် ငြိမ်းချမ်းရေးတို့ကို မျှော်မှန်းတောင့်တလျက်ရှိကြောင်း၊
(စ) ယင်းသို့ ကြံ့ကြံ့ခံသော စိတ်ဓာတ်ဖြင့်ပင် မိမိတို့ ယနေ့တိုင် စိတ်ခွန်အား တည်ဆောက်လျက် ရှိကြောင်း၊
(ဆ) ဤနေရာတွင် တက္ကဆပ်ပြည်နယ်မှ ဝါရှင်တန်ဒီစီအထိ ခြေလျင် လျှောက်လှမ်းခဲ့ကြသော “ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း (Walk for Peace)” ခရီးရှည်တွင် ပါဝင်ခဲ့ကြသည့် ဆရာတော် ဘိက္ခု ပညာကာရ နှင့် ဆရာတော်၊ သံဃာတော်များအားလုံးကို မိမိအနေဖြင့် ကျေးဇူးဥပကာရ တင်ရှိသည်ဟု လျှောက်တင်လိုပါကြောင်း၊
(ဇ) ယနေ့ အစီအစဉ်တွင်လည်း အဆိုပါ သမိုင်းဝင် (၂,၃၀၀) မိုင် ခရီးရှည်တွင် ပါဝင်ခဲ့ကြသည့် မြန်မာနိုင်ငံမှ ဆရာတော် အပြင်၊ မြန်မာဘုန်းတော်ကြီးများ တက်ရောက်နိုင်သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊
(ဈ) အဆိုပါ ခရီးရှည်သည် ငြိမ်းချမ်းရေးကို အထူး ငတ်မွတ်တောင့်တနေကြသည့် မြန်မာ ပြည်သူ ပြည်သားများအတွက် မျှော်လင့်ချက်နှင့် ခွန်အားတို့ကို သယ်ဆောင်ပေးကြောင်း၊ ထိုမျှမက အဆိုပါ ခရီးရှည်တွင် ဆရာတော်၊ သံဃောတော်များမှ ငြိမ်းချမ်းရေးအတွက် မမှိတ်မသုန် ချီတက်လမ်းလျှောက်နေကြသည့် မြင်ကွင်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပါဝင်ကြသည့် ဘုန်းတော်ကြီးများ၏ အခန်းကဏ္ဍကို လေးလေးနက်နက် အမှတ်ရစေပြီး နက်ရှိုင်းသော စိတ်ခံစားချက်ကို တစ်ဖန် ဖြစ်ပေါ်စေကြောင်း၊
(ည) သို့ပါသောကြောင့် အဆိုပါ ခရီးရှည်တစ်လျှောက် ပါဝင်ခဲ့ကြသူများအားလုံး၏ သည်းခံ နိုင်သည့် စွမ်းရည် ပြည့်ဝမှု၊ ဉာဏ်ပညာနှင့် မယိမ်းယိုင်သော စိတ်ဓာတ်တို့အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊
(ဋ) မိမိတို့၏ အတွင်းသန္တာန်၌ ပြုစုပျိုးထောင်ထားသော ငြိမ်းချမ်းမှုသည် ပြင်ပသို့ သဘာဝအတိုင်း ကူးစက်ပျံ့နှံ့နိုင်ပြီး အမှောင်ထုထဲတွင် ရုန်းကန်နေရသူများအတွက်လည်း မျှော်လင့်ချက် အလင်းရောင်စဉ်ကို ဆက်လက် ရှင်သန်တောက်ပစေနိုင်သည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း ခရီးရှည်တွင် ပါဝင်ခဲ့ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ကာယ အနစ်နာခံမှုမှတဆင့် ထုတ်ဖော်ပြသခဲ့ကြောင်း၊
(ဌ) အဆိုပါ ခရီးရှည်သည် အင်မတန် အင်အားကြီးမားသော သာဓကတစ်ခုဖြစ်ကြောင်း၊
(ဍ) ထို့အတူ မိမိတို့ ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအား မေတ္တာတရား၊ အကြင်နာ၊ ကရုဏာ တို့ အတွက် တက်ကြွသော၊ မမောမပန်းသော အားစိုက်ထုတ်မှုရှိရမည်ဟု သတိပေးလိုက်ခြင်းပင် ဖြစ်ကြောင်း၊
(ဎ) သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးအတွက် အပြောဖြင့်မဟုတ်ဘဲ အမှန်တကယ် အတူတကွ လျှောက်လှမ်းခြင်းဖြင့် လုပ်ဆောင်ကြရန်၊ မြန်မာပြည်သူများ အပါအဝင် အကျပ်အတည်း ဒုက္ခများအတွင်း ကျရောက်နေသူများအားလုံးကို အမြဲတစေ စိတ်နှလုံးသွင်းပေးကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊
(ဏ) မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ဆုတောင်းပေးကြပါရန် တောင်းဆိုပါကြောင်း၊
(တ) ထို့ပြင် မြန်မာပြည်သူများမှ ငြိမ်းချမ်းသော၊ ရေရှည်တည်တံ့သော၊ သာယာဝပြောသော၊ တရားမျှတသော၊ အားလုံးပါဝင်သော အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေး ကြိုးပမ်း အားထုတ်မှုများအတွက်လည်း ပိုမိုအားကောင်းသော၊ ထိရောက်သည့်အကူအညီများ ပေးအပ်ကြရန် တောင်းဆိုလိုပါကြောင်း၊
(ထ) မိမိတို့အားလုံး သစ္စာလေးပါးကို ဆက်လက် ကျင့်ကြံအားထုတ်ရန်နှင့် ကမ္ဘာပေါ်ရှိ လူအများ အပေါ် မေတ္တာဖြန့်ဝေကာ ပိုမို ကောင်းမွန်သော ငြိမ်းချမ်းရေး ဆောင်ကြဉ်းကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း၊
(ဒ) သက်ရှိ သတ္တဝါများအားလုံး ကျန်းမာ၊ ချမ်းသာကြစေရန် ဆန္ဒပြုအပ်ပါကြောင်း၊
(ဓ) သာဓု၊ သာဓု၊ သာဓု။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၆။ အဆိုပါ အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား ပြီးနောက် ၁၂-၅-၂၀၂၆ ရက်နေ့ ၁၈၀၀ နာရီအချိန်တွင် မြန်မာဘုန်းတော်ကြီးများဖြစ်သော အရှင်သီလနန္ဒာ၊ အရှင်ပါရမ နှင့် အရှင်ကုမုဒါတို့သည် မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးသို့ ကြွရောက်၍ အန္တရာယ်ကင်း ပရိတ်တရားနာမှုများ ပြုလုပ်၍ ရေစက်ချ အမျှဝေမှုများ ပြုလုပ်ပေးခဲ့ကြပါသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar at the
Commemoration of the International Day of Vesak 2026
(New York, 12 May 2026)
Venerable Maha Sangha,
Excellencies, Distinguished colleagues and dear participants,
Good afternoon and Mingalarbar.
First of all, I would like to extend my sincere appreciation to the Permanent Missions of Sri Lanka and Thailand for co-hosting this blessed commemoration of the International Day of Vesak at the United Nations.
At a time when the international community is confronting multifaceted crises, with humanity falling into extreme danger, Vesak is a time for us to reflect on the Buddha’s timeless teachings of humanity, mindfulness, compassion and non-violence.
In Myanmar, however, such practices have become more challenging than ever since the illegal military coup in February 2021 and subsequent atrocities of the military. Accordingly, Myanmar people’s suffering has become profound, ranging from displacement, extreme poverty, and a significant lack of essential services to the loss of so many innocent lives.
Nonetheless, the resilient spirit of our people remains unbroken, yearning for the light of Dharma and genuine peace.
It is in this spirit of resilience that we find immense inspiration today.
I wish to extend my deepest gratitude to the Most Venerable Bhikkhu Paññākāra and all the monks who undertook the grueling "Walk for Peace" journey from Texas to Washington D.C. We are also profoundly honored to be joined today by the monks from Myanmar including the monk who participated in this historic 2,300-mile journey.
For the people of Myanmar, this pilgrimage brought hope and strength to us at this critical time of people thirst for peace. Moreover it also carried a deeply emotional resonance, witnessing a diverse group of monks marching steadfastly for peace that served as a powerful, moving reminder of a role played by monks in the struggle of peace in Myanmar.
We thank you for your incredible endurance, your wisdom, and your unyielding spirit. Through your physical sacrifice, you have shown our people and the world that peace cultivated within naturally ripples outward, keeping the light of hope alive for those struggling in the dark.
This serves as a powerful example and it reminds us, members of the global community, that metta, loving-kindness, requires active, tireless effort.
Therefore, let us not merely speak of peace but walk toward it together.
I humbly ask you all to keep people in crises, including the people of Myanmar, in your minds and hearts.
Please pray for our country's peace and stability and peace and stability of the world.
Please provide stronger and effective support to our people in their effort towards building peaceful, sustainable, prosperous, just and inclusive future Myanmar.
Let all of us continue practicing the Four Noble Truths and keep spreading metta to people around the world for greater peace.
May all beings be well and happy.
Sadhu Sadhu Sadhu.
Thank you.
*****










