Intervention by Ambassador Kyaw Moe Tun, at the 2026 Annual Session of the UNDP/UNFPA/UNOPS Executive Board: Potential UNFPA/UN-Women merger assessment discussions
- Myanmar Mission To UN

- 3 days ago
- 5 min read




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the 2026 Annual Session of the UNDP/UNFPA/UNOPS Executive Board: Potential UNFPA/UN-Women merger assessment discussions, held on 8 June 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်အတွက် Executive Board of UNDP, UNFPA and UNOPS ၏ နှစ်စဉ်အစည်းအဝေးတွင် UNFPA/UN-Women ပေါင်းစပ်ဖွဲ့စည်းနိုင်မှု အလားအလာနှင့်ပတ်သက်၍ ဆွေးနွေးသည့်အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်
သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံနှင့် ပြည်သူများ၊ အထူးသဖြင့် စိန်ခေါ်မှုကြီးမားသော လူသားစာနာမှု အကျပ်အတည်းများအောက်တွင် နေထိုင် နေကြရသူများအတွက် UNFPA နှင့် UN-Women တို့၏ လုပ်ငန်းလည်ပတ်မှုများ ထိရောက်မှုရှိနေခြင်းက သက်ရှင် ရပ်တည်ရေးတမျှ အရေးကြီးသည့် အရှိ ပကတိတရားပင်ဖြစ်၊
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ တရားမဝင် အာဏာသိမ်းယူထားသည့်
စစ်အုပ်စုက ပြည်သူ့ရေးရာအဆောက်အဦများအား ဖျက်ဆီးခြင်းကိုပင် လက်နက်တစ်ခုသဖွယ် အသုံးချလျက်ရှိ၊
ကျန်းမာရေးကဏ္ဍမှာ လုံးဝဥဿုံပြိုလဲနေပြီး ဤကာလများ တစ်လျှောက်လုံးတွင်
အရပ်သားပြည်သူများ အနေဖြင့်လည်း စစ်အုပ်စု၏ ပြစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရ၊
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူ နေထိုင်ရာနေရာဒေသများအပေါ် ဆက်လက် ဗုံးကြဲတိုက်ခိုက်ခါ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို
ယနေ့တိုင် ကျူးလွန်မြဲဖြစ်၊
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော စစ်အုပ်စု၏ လက်ရာဖြစ်သည့် လူလုပ် ဖန်တီးထားသော အကျပ်အတည်းဒုက္ခ၏ ဒဏ်ကို အမျိုးသမီးများနှင့် မိန်းကလေးငယ်များ
ခါးစည်းခံနေရသည်ကိုလည်း မိမိတို့ နေ့စဉ်တွေ့မြင်နေရ၊
UNFPA နှင့် UN-Women တို့၏ ဦးတည်ချက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အကာအကွယ်ပေးရေး အစီအစဉ်တို့သည် အကူအညီလိုအပ်နေသူများအတွက် မရှိမဖြစ် လိုအပ်သော အသက်သွေးကြောပင်ဖြစ်၊
မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ယခုကဲ့သို့သော သမိုင်းဝင် ကူးပြောင်းမှုတွင်
ရှေ့တန်းက ဦးဆောင်နေကြသည့် အင်အားစုများ ဖြစ်၊ ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့်
၎င်းတို့ နှင့်အတူ ခိုင်ခိုင်မာမာရပ်တည်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်)
၁။ ၂၀၂၆ ခုနှစ်အတွက် Executive Board of UNDP, UNFPA and UNOPS ၏ နှစ်စဉ် အစည်းအဝေးကို ၈-၆-၂၀၂၆ ရက်မှ ၁၁-၆-၂၀၂၆ ရက်နေ့အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် UN80 Initiative (ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအစီအစဉ်) အောက်မှ UNFPA နှင့် UN-Women အေဂျင်စီနှစ်ခုအား တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းနိုင်မည့် အလားအလာ (Potential UNFPA/UN-Women merger assessment discussions) နှင့်ပတ်သက်၍ ဆွေးနွေးသည့်အစီအစဉ်ကို ၈-၆-၂၀၂၆ ရက် (တနင်္လာနေ့) တွင် ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် ပါဝင် ဆွေးနွေးခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-
(က) UNFPA နှင့် UN-Women အေဂျင်စီနှစ်ခုအား တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းရေး အလားအလာသည် အေဂျင်စီနှစ်ခုလုံးထံမှ အရေးပါသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဝန်ဆောင်မှုများအား လက်ခံရရှိနေသည့် မြန်မာနိုင်ငံအဖို့ အလွန်အရေးကြီးသော ခေါင်းစဉ် တစ်ခုအဖြစ် ဆက်လက် ဖြစ်တည်လျက်ရှိကြောင်း၊
(ခ) မိမိတို့ နိုင်ငံနှင့် ပြည်သူများ၊ အထူးသဖြင့် စိန်ခေါ်မှုကြီးမားသော လူသားစာနာမှု အကျပ်အတည်းများအောက်တွင် နေထိုင်နေကြရသူများအတွက် UNFPA နှင့် UN-Women တို့၏ လုပ်ငန်းလည်ပတ်မှုများ ထိရောက်မှုရှိနေခြင်းက သက်ရှင်ရပ်တည်ရေးတမျှ အရေးကြီးသည့် အရှိ ပကတိ တရားပင်ဖြစ်ကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ တရားမဝင် အာဏာသိမ်းယူထားသည့် စစ်အုပ်စုက ပြည်သူ့ရေးရာအဆောက်အဦများအား ဖျက်ဆီးခြင်းကိုပင် လက်နက်တစ်ခုသဖွယ် အသုံးချလျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍမှာ လုံးဝဥဿုံပြိုလဲနေပြီး ဤကာလများ တစ်လျှောက်လုံးတွင် အရပ်သားပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ ပြစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ စနစ်တကျလုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်သည့် ထိတ်လန့်ဖွယ် ဖြစ်စဉ်စကေးမှာ ၂၀၂၆ ခုနှစ်၊ နှစ်လယ်ပိုင်းတွင်ပင် ကြီးထွားလာလျက်ရှိကြောင်း၊
(င) ၎င်းတို့မှ အဆက်မပြတ်အကြမ်းဖက်နေခြင်းနှင့် လူသားစာနာအကူအညီများအား ရည်ရွယ်ချက် ရှိရှိ ပိတ်ဆို့တားဆီးနေခြင်းကြောင့် ပြည်တွင်း နေရပ်စွန့်ခွာနေထိုင်နေရသူ ၃.၇ သန်းကျော် ရှိလာခဲ့ကြောင်း၊ ယခင်က တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိသော ၅ သန်းသော ကလေးသူငယ်များ အပါအဝင် လူပေါင်း ၁၆.၂ သန်း၊ တစ်နည်းဆိုသော် လူဦးရေ၏ ၃ ပုံ ၁ ပုံမှာ အသက်ရှင်သန်မှုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ်နေပြီး၊ ၁၂ သန်းကျော်အနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊
(စ) သို့နှင့်တိုင် အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ အကျင့်စရိုက်များကို စိုးစဉ်းမျှ ပြောင်းလဲ ခြင်း မရှိကြောင်း၊ ၎င်းတို့အနေဖြင့် အရပ်သားပြည်သူနေထိုင်ရာ နေရာဒေသများအပေါ် ဆက်လက် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ယနေ့တိုင် ကျူးလွန်မြဲဖြစ်ကြောင်း၊
(ဆ) ထို့ပြင် ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော စစ်အုပ်စု၏ လက်ရာဖြစ်သည့် လူလုပ် ဖန်တီးထားသော အကျပ်အတည်းဒုက္ခ၏ဒဏ်ကို အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ခါးစည်းခံနေရသည်ကိုလည်း မိမိတို့ နေ့စဉ် တွေ့မြင်နေရကြောင်း၊
(ဇ) ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ကျားမအခြေပြု အကြမ်းဖက်မှုက အလွန်အမင်း မြင့်တက်လာနေပြီး အသက်ကယ် လိင်နှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ဝန်ဆောင်မှု များ (SRHR) ရရှိရေးမှာလည်း ပိတ်ပင်ခံထားရကြောင်း၊
(ဈ) ထို့ကြောင့် UNFPA နှင့် UN-Women တို့၏ ဦးတည်ချက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အကာအကွယ်ပေးရေး အစီအစဉ်တို့သည် အကူအညီလိုအပ်နေသူ များအတွက် မရှိမဖြစ် လိုအပ်သော အသက်သွေးကြောပင်ဖြစ်ကြောင်း၊
(ည) မိမိတို့ မြန်မာပြည်သူများအနေဖြင့် ယင်းအချက်ကို ကောင်းစွာသိရှိနားလည်သောကြောင့် အဆိုပါ လေးလံပြည့်နှက်နေသည့် စိန်ခေါ်မှုများအား ကျော်လွန်နိုင်ရန် အားလုံးပါဝင်၍ ဒီမိုကရေစီကျသော အနာဂတ်အား ဖော်ဆောင်ရန် အင်ပြည့်အားပြည့် ကြိုးပမ်းလျက်ရှိကြောင်း၊
(ဋ) ထို့အတူ ကျားမ တန်းတူညီမျှမှု တည်ဆောက်ပုံ မရှိပါဘဲ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်မှု မရှိနိုင်သည့်အချက်ကို မိမိတို့လက်ခံပါကြောင်း၊ သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့၏မိတ်ဖက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာစေရေး ဦးဆောင်ကောင်စီကို ၃၀-၃-၂၀၂၆ ရက်နေ့က ဖွဲ့စည်း တည်ထောင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါကောင်စီတွင် အလေးထားဆောင်ရွက်မည့် မူဝါဒများ ရှိသကဲ့သို့ ကျားမရှုထောင့်၊ အကြမ်းဖက်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူများအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် အမျိုးသမီး ဦးဆောင်မှုတို့ကိုလည်း ဦးစားပေး ချမှတ်ထားကြောင်း၊
(ဌ) သို့ဖြစ်ရာ ဌာနဖွဲ့စည်းပုံဆိုင်ရာပြန့်ကျဲကွဲလွဲနေခြင်းအား လျှော့ချရေးနှင့် ထိရောက်မှုအား အမြင့်ဆုံးမြှင့်တင်ရေးဟူသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မျှော်မှန်းချက်ကို မိမိတို့အနေဖြင့် အပြည့်အဝ ထောက်ခံအားပေးပါကြောင်း၊ သို့ရာတွင် အဆိုပါအဖွဲ့အစည်းများ၏ အထူးပြုမှုနှင့် သီးခြား လုပ်ပိုင်ခွင့်အာဏာများအား သွေဖည်မှုမရှိစေရန် သတိထားရမည် ဖြစ်ကြောင်း၊
(ဍ) အေဂျင်စီ နှစ်ခုမှ တစ်ခုတည်းပုံစံဖြင့် ဝန်ဆောင်မှုများကို ပေးအပ်မည်ဆိုလျှင်၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများအတွက် နိုင်ငံတကာ ရန်ပုံငွေလုံလောက်မှုမှာ အလွန်အမင်း ဖိအား ကျရောက်နေသည့် ကာလတွင် UNFPA မှ ပြောင်မြောက်စွာ အထူးပြုလုပ်ဆောင်နိုင်သည့် SRHR အရေးကိစ္စနှင့် UN-Women မှ ဦးဆောင်သော ကျားမတန်းတူညီမျှရေး စံနှုန်းများ မှာ တစ်ခုနှင့် တစ်ခု ညှိနှိုင်းလုပ်ဆောင်ရမည့် အလားအလာကို စိုးရိမ်ရကြောင်း၊
(ဎ) သို့ဖြစ်ပါ၍ မည်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မဆို မြေပြင်အဆင့်တွင် ထိရောက်မှု တိုးမြှင့်နိုင်ရန် အမှုဆောင်အဖွဲ့အနေဖြင့် အောက်ဖော်ပြပါ အချက် (၄) ချက်အား အကာအကွယ်ပေးရန် တောင်းဆိုလိုပါကြောင်း-
(၁) လုပ်ပိုင်ခွင့်အာဏာတည်မြဲမှုအား ထိန်းသိမ်းရန် - မည်သို့သော အချိန်အခါတွင်မဆို SRHR ဝန်ဆောင်မှုများ ဦးစားပေးခံရမှု မပျောက်ကွယ်စေရေးအတွက် ICPD နှင့် Beijing Platforms တို့၏ ထင်ရှားသော မဏ္ဍိုင်များအား ကာကွယ်ရန်၊
(၂) မြေပြင်သို့ ပို့ဆောင်မှုများ ထိရောက်မှုရှိစေရန် - ဒေသခံ အမျိုးသမီး ဦးဆောင်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စဉ်ပြိုင် အုပ်ချုပ်ရေးယန္တရားများနှင့် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်သည့် လုပ်ဆောင်မှု သွက်လက်သော နယ်စပ်ဖြတ်ကျော် ယန္တရားများ တည်ဆောက်ရန်၊
(၃) အဓိက ရန်ပုံငွေများအား သီးသန့် ဘောင်ခတ်ထိန်းသိမ်းရန် - ဤပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ရည်ရွယ်သည့် အဓိက ရန်ပုံငွေများအား လျှော့နည်းစေခြင်းထက် ပိုမို ကာကွယ်မှုရှိစေရန်၊
(၄) အားလုံးပါဝင်သော ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများအား စနစ်တကျဖွဲ့စည်းလုပ်ဆောင်ရန် - ပဋိပက္ခဒဏ်သင့် အကူအညီ လက်ခံသည့် နိုင်ငံများမှ အောက်ခြေကွန်ယက်များကို အကဲဖြတ်သည့် လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာစွာ ပါဝင်ခွင့်ပေးအပ်ရန်၊
(ဏ) မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ယခုကဲ့သို့သော သမိုင်းဝင် ကူးပြောင်းမှုတွင် ရှေ့တန်းက ဦးဆောင်နေကြသည့် အင်အားစုများ ဖြစ်ကြကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းအနေဖြင့် ၎င်းတို့နှင့်အတူ ခိုင်ခိုင်မာမာရပ်တည်ပေးရန် မျှော်လင့်ကြောင်း၊ မည်သည့် ပြုပြင်ပြောင်းလဲမှု မဆို ၎င်းတို့အား အကာအကွယ်ပေးရေးနှင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာမြှင့်တင်ပေးရေးတို့ကို မလျော့ပါးစေဘဲ ပိုမို ခိုင်မာအားကောင်းစေရန် သတိချပ်ရမည်ဖြစ်ကြောင်း၊
၄။ ထို့နောက် UNFPA ၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ်က မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးမှုကို ကောင်းစွာ မှတ်သားထားရှိကြောင်း၊ စိန်ခေါ်မှုကြီးမားသော လူသားစာနာ အကျပ်အတည်းများအောက်တွင် နေထိုင်နေကြရသူများအတွက် UNFPA ၏လုပ်ငန်းများ ထိရောက်စွာ လည်ပတ်မှုရှိရေးက အသက်တမျှ အရေးကြီးသည် ဟူသောအချက်ကို ထောက်ခံကြောင်းနှင့် ၎င်းတို့အနေဖြင့် ထို့အတွက်ပင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ဆွေးနွေးသွားခဲ့ပါသည်။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် ဆွေးနွေးမှုအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the 2026 Annual Session of the UNDP/UNFPA/UNOPS Executive Board: Potential UNFPA/UN-Women merger assessment discussions
(New York, 8 June 2026)
Mr. President,
From the outset, my delegation wishes to extend our appreciation to you and members of the Bureau for convening this Annual Session.
I also thank the Executive-Directors for their updates.
As stated in my interventions during previous sessions, the potential merger of UNFPA and UN-Women continues to remain as a core topic for Myanmar as we are a recipient country of vital humanitarian services from both agencies.
The operational efficacy of UNFPA and UN-Women is literally a matter of survival for our country and the people, especially those living in the challenging humanitarian settings.
Since February 2021, the destruction of public infrastructure has been weaponized by the illegal military junta. The healthcare sector has collapsed, and the civilian population has been deliberately targeted throughout these years.
The scale of these manufactured horrors is staggering as of mid-2026.
The junta’s relentless violence and deliberate obstruction of aid have pushed the number of internally displaced persons to over 3.7 million. Today, an unprecedented 16.2 million people, nearly one-third of our entire population, including 5 million children, require life-saving humanitarian assistance, with more than 12 million facing acute food insecurity.
The military junta has shown absolutely no change in attitude. They continue to bomb on civilian areas perpetrating war crimes and crimes against humanity until now.
Moreover, we have seen daily how women and girls bear the heaviest brunt of this man-made crisis. Gender-based violence (GBV) has escalated exponentially in conflict zones, while access to life-saving sexual and reproductive health and rights (SRHR) services has been severely curtailed. In this dire landscape, the targeted humanitarian assistance and protection programs provided by both UNFPA and UN-Women are indispensable lifelines.
On this realization, the people of Myanmar are actively shaping an inclusive and democratic future despite these overwhelming challenges.
We recognize that sustainable peace cannot exist without structural gender equality. To this end, the National Unity Government (NUG) and major Ethnic Resistance Organizations established the Steering Council for the Emergence of a Federal Democratic Union (SCEF) on 30 March 2026, paying priorities among others to ensuring gender perspectives, transitional justice for survivors of violence, and women's leadership.
Accordingly, we support the Secretary-General’s overarching vision to reduce institutional fragmentation and maximize efficiency. However, we all need to make sure not diluting their highly specialized, distinct mandates.
We are concerned that under a single entity, the specialized focus on SRHR championed by UNFPA and the normative gender equality standards led by UN-Women could be compromised, particularly at a time when global funding for women’s rights faces severe pressure.
Therefore, to ensure any restructuring enhances field-level impact, we call on the Board to guarantee four safeguards in the ongoing assessment:
1. Preserve Mandate Integrity: Protect the distinct pillars of the ICPD and Beijing Platforms so that SRHR services are never deprioritized.
2. Optimize Field-Level Delivery: Establish agile, cross-border mechanisms that partner directly with local women-led civil society and parallel administrative structures.
3. Ring-Fence Core Funding: Ensure this restructuring protects, rather than reduces, core budgets dedicated to women and girls.
4. Institutionalize Inclusive Consultations: Transparently include grassroots networks from conflict-affected recipient countries in the assessment process.
Mr. President,
The women of Myanmar are at the vanguard of a historic transition. We expect the United Nations to stand firmly with them, ensuring that any reform to this institution strengthens, rather than diminishes, their protection and empowerment.
I thank you.
*****











